ကချင်တနိုင်းမှော်ဒေသကို ပြည်ထောင်စုအစိုးရက ကိုင်တွယ်ကြတ်မတ်ရန် အဆိုအား တပ်မတော်ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန်ကန့်ကွက်

ကချင်တနိုင်းမှော်ဒေသကို ပြည်ထောင်စုအစိုးရက ကိုင်တွယ်ကြတ်မတ်ရန် အဆိုအား တပ်မတော်ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန်ကန့်ကွက်
by -
ဇေယျာမော်
ဇေယျာမော်၊သြဂုတ် ၁၄။ ကချင်ပြည်နယ်အတွင်းရှိ တနိုင်းနှင့် ဖားကန့်ဒေသ၌ တရားမဝင် ရွှေနှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို ပြည်ထောင်စုအစိုးရက ထိထိရောက်ရောက် ကြပ်မတ်ပေးရန် တိုက်တွန်းကြောင်း အဆိုကို တပ်မတော်သားကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးခဲ့သည်။ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦးတင်သွင်းသည့် အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဝိုင်းဝန်းဆွေးနွေးရာ၌ တပ်မတော်သားကိုယ်စားလှယ်သုံးဦးအပါအဝင် လွှတ်တော် ကိုယ်စားလှယ်လေးဦးက ပြင်းပြင်းထန်ထန် ကန့်ကွက်ဆွေးနွေးခဲ့ကာ ကိုယ်စားလှယ်လေးဦးက ထောက်ခံဆွေးနွေးခဲ့သည်။ တပ်မတော်မှ အဆိုပါဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ပြည်ထောင်စုက ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ အဆိုကို ဆွေးနွေးရာတွင် မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က "တပ်က KIA ကို မုန်းလို့လုပ်တာ မဟုတ်ဘူး။ ပျော်လို့လုပ်နေတာလည်းမဟုတ်ပါဘူး။ အမျိုးသား အကျိုးစီးပွားနဲ့ အချုပ်အခြာ အာဏာကို ကာကွယ်ဖို့အတွက် အသက်တွေသွေးတွေ ချွေးတွေနဲ့ ရင်းပြီးတော့မှ လုပ်ဆောင်ရတယ်ဆိုတာကို သိရှိရန်လိုပါတယ်"ဟု အဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဝင်ရောက်ဆွေးနွေးစဉ် ပြောဆိုခဲ့သည်။ သို့သော်လည်း ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောက အဆိုရှင်တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦး၏ အဆိုမှာ ပါ၀င်သည့် "ပြည်ထောင်စုအစိုးရ၏ဆုံးဖြတ်ချက်ဖြင့်သာ လုံခြံုရေးကိစ္စရပ်များကို ဆောင်ရွက်သင့်ပါတယ်" ဟု ထောက်ခံဆွေးနွေးခဲ့သည်။ အဆိုအား ဝိုင်းဝန်းဆွေးနွေးသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သလို တပ်မတော်ကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း ဝင်ရောက်ဆွေးနွေးခဲ့သည်။ ဆွေးနွေးစဉ်ကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်မှ "အဆိုကိုဆွေးနွေးစဉ် အဖွဲ့အစည်းတစ်ခုခုကို ထိပါးပြောဆိုခြင်းမပြုရန်၊ မသင့်လျော်တဲ့အသုံးအနှုန်းပြောကြားခြင်းမပြုရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေနိုင်တဲ့စကားမပြောရန်" သတိပေးပြောဆိုခြင်း ပြုလုပ်ခဲ့သည်။ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုးမြင့်အောင် က "တပ်မတော်အနေနဲ့ နိုင်ငံရဲ့သယံဇာတများ ဆုံးရှုံးမှုမရှိစေရေးနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုမရှိစေဖို့အတွက် ဖွဲ့စည်းပုံပါပြဌန်းချက် အတိုင်း ကာကွယ် စောင့်ရှောက်ခြင်း လုပ်ငန်းများကို အမိန့်စောင့်စရာမလိုပဲ ဥပဒေနဲ့အညီ လုပ်ဆောင်နေခြင်းဖြစ်ပြီး လုပ်ကိုင်စရာရှိသည် များကို ဆက်လက်ဆောင်ရွက်သွားပါမယ်" ဟု ဆွေးနွေးခဲ့သည်။ ယင်းနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဆိုအား အတည်ပြုသင့်ကြောင်း သဘောထားမှတ်ချက်ပေးခဲ့ပြီးနောက် အဆိုအား အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...