ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/ CPA ) အဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက် ၊ မတူပီမြို့တွေကို စစ်ကောင်စီက မေလ ၁၃ ရက်နေ့ကနေ မေလ ၂၂ ရက်နေ့ အထိ (၁၀) ရက်တာအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ်လုပ်ခဲ့လို့ မွေးကင်းစ ၄ ရက်သား ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ရတယ်လို့ CPU/ CPA က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မင်းတပ်မြို့ ကို မေလ (၁၃) ရက်နေ့ ညနေ ၃း၃၀ ဝန်းကျင်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ မေလ (၁၄) ရက်နေ့ ညနေ ၃း၃၀ ဝန်းကျင်တွင် မင်းတပ်မြို့အနီး လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး မေလ (၁၆) ရက်နေ့ ညနေ ၅း၃၀ ဝန်းကျင်တွင် ကန်ပက်လက်မြို့အား လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် တဖန် မေလ (၁၈) ရက် ညနေ ၃ နာရီ ဝန်းကျင်တွင် မင်းတပ်မြို့အား လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မတူပီမြို့ကိုလည်း မေလ (၁၉) ရက်နေ့ ည ၁၁း၀၀ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး အဆိုပါ လေကြောင်း တိုက်ခိုက်မှုရဲ့ ပေါက်ကွဲသံနှင့် တုန်ခါမှုတို့ကြောင့် မွေကင်းစ (၄) ရက်သား ကလေးငယ်တစ်ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မေလ (၂၀) ရက်နေ့ ညနေ ၄း၄၅ ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်း တစ်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ၊ မေလ (၂၁) ရက်နေ့တွင် ကန်ပက်လက်မြို့အား မနက် ၆း၀၀ နာရီ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်၊ ညနေ ၆း၀၀ နာရီဝန်းကျင်တွင် လေကြောင်း တိုက်ခိုက်မှု (၂) ကြိမ် ပြုလုပ်ခဲ့ပြီး ထို့နောက် မေလ (၂၂) ရက်နေ့တွင် ကန်ပက်လက်မြို့အား မနက် ၂း၀၀ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်၊ မနက် ၉း၃၀ ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် ထပ်မံပြုလုပ်ခဲ့သည့်အပြင် မေလ (၂၂) ရက် နေ့လယ် ၂း၀၀ ဝန်းကျင်တွင် မင်းတပ်မြို့အား ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် အစရှိသည့် ချင်းပြည် တောင်ပိုင်း မြို့တွေကို မေလ (၁၃) ရက်နေ့မှစ၍ မေလ (၂၂) ရက်နေ့အထိ (၁၀) ရက်တာအတွင်း ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၂၅) ကြိမ် တိုက်ခိုက်ခဲ့ပြီး အဆိုပါ လေကြောင်းတိုက်ခိုက်မှုများတွင် လူနေအိမ်များ၊ ဆိုင်ခန်းများနှင့်တကွ အစိုးရအဆောက်အဦ အများအပြား ပျက်စီးဆုံးရှုံးခဲ့ပြီး ပြည်သူ (၂) ဦး ထိခိုက်သေဆုံးပြီး အပြစ်မဲ့ ပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေဖြင့် လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားကာ မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိပြီး ထောက်လှမ်းရေး ဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို အချိန်နှင့်အမျှ နားစွင့်ကာ လေကြောင်းသတိပြု နေထိုင်ကြဖို့ကိုလည်း ချင်းပြည်သူ့အစည်းအရုံးအနေဖြင့် တိုက်တွန်းနှိုးဆော် ထားပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မြို့တွေကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ဟာ ချင်းညီနောင်အဖွဲ့ဝင်များဖြစ်ကြတဲ့ မင်းတပ်မြို့နယ်တော်လှန်ရေးဦးဆောင် ကော်မတီ/ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ်၊ မတူပီတော်လှန်ရေး အဖွဲ့ချုပ်/ ချင်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ နှင့် ကန်ပက်လက်မြို့နယ်ကောင်စီ/ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့/ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက် တို့အပြင် ဒိုင်ရ်ဒေသန္တရကောင်စီ/ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ဒိုင်ရ် တို့ကို စုစည်းပြီး ဒေသတွင်း နိုင်ငံရေးစစ်ရေး ဦးဆောင်မှုပေးရန်အတွက် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။







