အင်းစိန်ထောင်တွင် နိုင်ကျဉ်းများ ငွေသွင်းခွင့် စွန့်လွှတ် တိုက်ပွဲဝင်

အင်းစိန်ထောင်တွင် နိုင်ကျဉ်းများ ငွေသွင်းခွင့် စွန့်လွှတ် တိုက်ပွဲဝင်

(နိုင်ကျဉ်းများ ဈေးဘား သပိတ်မှောက်)

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများသည် ဈေးဘား ခေါ် ထောင်တွင်းသို့ ငွေသွင်းခြင်းကို သပိတ် မှောက်ဆန့်ကျင်သည်ဟု ဆိုကာ ငွေမသွင်းခိုင်းတော့ကြောင်း မိသားစုဝင်များက ပြောသည်။

ဇူလိုင်လ ၂၆ ရက်နေ့ ထောင်ဝင်စာ သွားတွေ့စဉ် ရိက္ခာ အခြောက်အခြမ်းများသာ ယူထားပြီး ဈေးဘားကို သပိတ်မှောက်ထားသည်ဟုဆိုကာ ငွေမသွင်းခိုင်းတော့ကြောင်း ပုဒ်မ ၅၀၅-က ဖြင့် တရားရင်ဆိုင်နေရသူ နိုင်ငံ ရေးအကျဉ်းသူ တစ်ဦး၏ ခင်ပွန်းဖြစ်သူက ပြောသည်။

“အင်းစိန်မှာ ဈေးဘားအများဆုံး သွင်းတာက နိုင်ကျဉ်းတွေဆိုတော့ သူတို့က သူတို့ရဲ့ မရှိမဲ့ရှိမဲ့ အခွင့်အရေးကို ထပ်အဆုံးအရှုံးခံပြီး တိုက်တဲ့သဘောပေါ့“ ဟု ပြောသည်။

ဈေးဘားဆိုသည်မှာ နံနက်စာ အပါအဝင် ထောင်တွင်း ဝယ်စားရန်အတွက် သွင်းပေးရသည့် ငွေဖြစ်ပြီး ကျပ် ၅သောင်း သွင်းလျှင် ၂၀ ရာခိုင်နှုန်းပေးရသဖြင့် ခြောက်သောင်းပေးမှသာ ထောင်ထဲတွင် ကျပ် ၅ သောင်း  အသုံး ပြုခွင့်ရသည့် သဘောဖြစ်သည် ဟု ထိုနိုင်ငံရေး အကျဉ်းသူ၏ အမျိုးသားက ပြောသည်။

အင်းစိန်ထောင်က ဝန်ထမ်းများ၏ ဝင်ငွေသည် ထောင်သွင်းသုံးစွဲရန်အတွက် မိသားစုများ သွင်းပေးကြသည့် ငွေ သာ အဓိက ဝင်ငွေတစ်ခုဖြစ်ပြီး ငွေဖြတ်ပိုင်း (ဘောင်ချာ)တွင် ဈေးဘားအတွက် သွင်းပေးငွေ၏ ၂၀ ရာခိုင်းနှုန်း အထိ ယူကြောင်း ဥပဒေ အထောက်အကူအဖွဲ့တစ်ဖွဲ့မှ အမည်မဖော်လိုသည့် ရှေ့နေတစ်ဦး က ပြောသည်။

ဈေးဘားသွင်းငွေကို အခြေခံပြီး ကျပ် ၅၀၀ တန် မုန့်ဟင်းခါးတစ်ပွဲကို ကျပ် ၁၀၀၀ အထိဖြစ်စေ၊ ရေသန့်တစ်ဗူး ကျပ် ၃၀၀ တန်ကို ကျပ် ၆၀၀ အထိဖြစ်စေ အမြတ်ယူရောင်းချပေးသည်ဟုဆိုကာ ထောင်ဝန်ထမ်းများက နည်းနည်းချင်း ပြန်ဖြတ်ယူကြသည်ဟု ထိုရှေ့နေက ဆက်ရှင်းပြသည်။

လက်ရှိတွင် ထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားအများစုသည် မည်သည့်ခေတ်နှင့်မှ မတူ စုစည်းညီညွတ်မှု အားကောင်းနေပြီး အချင်းချင်းက ရှိသည့် ရိက္ခာအခြောက်အခြမ်များ ဝေငှစားသောက်ကာ ရိုင်းပင်းကူညီမှု အပြည့်၊ တိုက်ပွဲဝင်စိတ်အပြည့် ရှိနေကြသည်ဟု ၎င်းကပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့က ၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေ ယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော် တို့ကို သေဒဏ်စီရင်ပြီး နောက်ပိုင်း ရန်ကုန် အင်းစိန်ထောင်၊ မန္တလေး အိုးဘိုထောင်နှင့် ပြည်အကျဉ်းထောင်တို့တွင် ဆူပူမှုများဖြစ်ခဲ့သည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၁ ရက်နေ့ မှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထိ မြန်မာတနိုင်ငံလုံးတွင် စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထား သူ စုစုပေါင်း ၁၁၇၉၅ ဦးရှိပြီး ၎င်းတို့အနက် ၁၃၄၈ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပြီး ဖြစ်သည်။

ထိုသို့ ပြစ်ဒဏ်ကျခံရသူများထဲတွင် ၇၂ ဦး သေဒဏ်ချမှတ်ခံထားရပြီး ၎င်းတို့ထဲက ၄၁ ဦးသည် မျက်ကွယ် သေ ဒဏ်ချမှတ်ခြင်းခံထားရသူများ ဖြစ်သည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ဦး ရှိပြီ ဖြစ် သည်ဟု AAPP ၏ စာရင်းမှတ်တမ်းများအရ သိရသည်။

July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...
July 17, 2026
ရခိုင်ပြည်အတွင်း ရှေ့တန်းတိုက်ပွဲများတွင် စစ်ရေးအရ အထိနာနေသည့် စစ်တပ်သည် အရပ်သားပြည်သူများ...
July 16, 2026
ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာတွင် ဓနု...
July 16, 2026
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်အစပ်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေပြီး...