မတူပီမြို့က ဗိုလ်မှူးအသတ်ခံရမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ (၆) ဦးအနက် နှစ်ဦးပြန်လွတ်လာ

မတူပီမြို့က ဗိုလ်မှူးအသတ်ခံရမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ (၆) ဦးအနက် နှစ်ဦးပြန်လွတ်လာ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့ အခြေစိုက် ခလရ (၁၄၀) မှ ဗိုလ်မှူးသန်းနိုင်ဝင်းအသတ်ခံရမှုနှင့်ပတ်သက်၍ စစ် ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် ပြည်သူ ၆ ဦးအနက် ၂ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဟုသိရသည်။

မတူပီမြို့အတွင်းရှိ တပ်တွင်း CDM ပြုလုပ်လိုသူများနှင့် မတူပီမြို့နယ်အတွင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထုတ်ဖော်နေသည့် ဗိုလ်မှူးသန်းနိုင်ဝင်းကို ဇူလိုင်လ ၁၅ ရက်နေ့က CDF-Matupi တပ်ဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်ပွားသည့် အနီးနာတွင်နေထိုင်သော ဒေသခံရွာသား ၆ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သန်းနိုင်ဝင်းရဲ့ အသတ်ခံတဲ့အနီးအနားမှာရှိတဲ့ လူပဲဖမ်းတယ်။ အဓိက မင်္သကာလို့ဖမ်းတာပေါ့။ သူတို့ ၆ ဦးအနက်မှာ နှစ်ဦးကတော့မေးမြန်းပြီးတော့  ပြန်လွတ်လာတယ်လို့ပြောတယ်။ အခုလေးဦးကတော့ မလွတ်သေးဘူး သူတို့ကိုအခု လောလောဆယ် တပ်တွင်းမှာထားတယ်လို့ သတင်းရထားတယ်။ ပြီးတော့ နောက်ဆက်တွဲ အခု သူတို့နဲ့ပက်သက်လာတဲ့ လူတွေလည်း စစ်တပ်က စုံစမ်းနေတုန်း။” ဟု CDF- Matupi မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ဗျူဟာထောက်လှန်းရေးတစ်ဦးလည်းဖြစ်သော ဗိုလ်မှူးသန်းနိုင်ဝင်း၏ သတင်းပေးမှုကြောင့် CDM ပြုလုပ်ရန်ကြံစည်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦး သတ်ဖြတ်ခံရပြီး (၄) ဦးထောင်သွင်းအကျဉ်းချခံရသည့်အပြင် ဇွန်လ ၂၅ ရက်နေ့က မတူပီမြို့နေ အမျိုးသမီးတစ်ဦးကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့ဖူးသူလည်းဖြစ်သည်ဟု CDF-Matupi က ထုတ်ပြန်ထားသည်။

ထို့ကြောင့် CDF-Matupi တပ်ဖွဲ့က ဗိုလ်မှူးသန်းနိုင်ဝင်းကို မတူပီမြို့အပြင်ဘက်ကို မျှားခေါ်ခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်နေ့က ရှင်းလင်းသုတ်သင်ခဲ့ကြသည်ဟု CDF-Matupi မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် ဖမ်းဆီးခံရသူများမှာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ကြပြီး စစ်ကောင်စီမှ ပြန်လွတ်ပေးသော နှစ်ဦးမှာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဖြစ်ကြသည်ဟု သိရသည်။

Most read this week

ဓာတ်ပုံ - (PDF – Zoland / ပုံဟောင်း)
September 14, 2026
ချင်းပြည်မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေသည့် PDF-Zoland...
ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...