မုံးပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲ ကလေးတစ်ဦး သေဆုံး

မုံးပေါ်တွင် ဗုံးတစ်လုံးပေါက်ကွဲ ကလေးတစ်ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်တိုက်နယ် ဟိုကန်ကျေးရွာအုပ်စုတွင် ဗုံးတစ်လုံးပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ရကြောင်း သတင်းသိရသည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဟိုကန်ကျေးရွာအုပ်စုတွင်းရှိ နွားတင်းကုပ်တခုမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့ရှေ့တစ်နေ့က ညနေပိုင်းမှာ နွားတွေ ကျွဲတွေ ဝင်ထွက်နေတဲ့အချိန်တော့ ဘာမှ မဖြစ်ဘူး၊ ၁၆ ရက်နေ့ ကျွဲ နွား တွေ ပြန်လွတ်ဖို့ အဲ့ကလေးက တင်းကုပ်ထဲဝင်လာတဲ့ အချိန် ပေါက်ကွဲမှုဖြစ်သွားတာ၊ ပွဲချင်းပြီးသေသွားတယ်” ဟု အသက် ၄၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သေဆုံးသွားသည့် ကလေးငယ်သည် အသက် ၁၀ နှစ် ကျော်ဝန်းကျင် အရွယ်ရှိပြီး မုံးပေါ်ဒေသခံ ကလေးတစ်ဦးဖြစ်ကြောင်း သတင်းသိရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှု မဖြစ်ပွားခင်တွင် စစ်အင်အား ၃၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ စစ်ကြောင်း တစ်ခုသည် ကျေးရွာတွင်းသို့ ဖြတ်သွားခဲ့ကြောင်းလည်း ၎င်းအမျိုးသားက ပြောသည်။

“၁၅ ရက်နေ့မှာ စစ်ကောင်စီ စစ်ကြောင်းက ဟိုကန်ကျေးရွာကို ဖြတ်ဝင်သွားတာ တွေ့ရတယ်၊ ဒါပေမဲ့ ဘယ်ဘက်ကို ရောက်သွားမှန်းတော့ မသိလိုက်ရဘူး၊ ဒီပေါက်ကွဲမှုက သူတို့နဲ့ ပတ်သက်နေမလားတော့ မသိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

မုံးပေါ်တိုက်နယ်အတွင်းတွင် လှုပ်ရှားနေသည့် စစ်ကောင်စီတပ်များ အပြင် ကိုးကန့်တပ်မတော် (MNDAA)၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့လည်း သွားလာ လှုပ်ရှားနေလေ့ရှိကြောင်း သတင်းသိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...