၂၀၁၇ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ချင်းကစားသမား (၇) ဦး ပါ၀င်ယှဉ်ပြိုင်မည်

၂၀၁၇ အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ချင်းကစားသမား (၇) ဦး ပါ၀င်ယှဉ်ပြိုင်မည်
by -
ချင်းဝေါလ်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ လာမည့် သြဂုတ်လ (၁၉) မှ သြဂုတ်လ (၃၀) အတွင်း ကျင်းပမည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားစကားပြိုင်ပွဲကြီးတွင် ချင်းအားကစားသမား (၇) ဦးလည်း ပါ၀င်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။ ယခုနှစ် SEAGames ပြိုင်ပွဲတွင် အားကစားနည်း (၃၈) မျိုး ကျင်းပမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံအားကစားအဖွဲ့သည် အားကစားနည်း (၂၉) ၌ အားကစားသမား (၄၀၀) ခန့် ဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟုသိရသည်။ ချင်းအားကစားသမား (၇) ဦးမှာ- မြှားပစ်အားကစားတွင် (၄) ဦး၊ ဟော်ကီ(အမျိုးသမီး)တွင် (၁) ဦး၊ ပြေးခုန်ပစ်တွင် (၁) ဦးနှင့် ဘောလုံး (အမျိုးသား)တွင် (၁) ဦးတို့ ဖြစ်ကြသည်။ မြှားပစ်အားကစားနည်းတွင် တကျေ့ပြန်လက်ရွေးစင် အောင်ငှိမ်း၊စန်းယုထွေး၊ ယောစိမ်းယနှင့် လှလှစံတို့ဖြစ်သည် အောင်ငှိမ်း၊ စန်းယုထွေးနှင့် ယောစိမ်းယတို့မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့မှ မြန်မာ့လက်ရွေးစင် မြှားပစ်အားကစားသမားများဖြစ်ကြပြီး၊ အောင်ငှိမ်းသည် လက်ရွေးစင်အားကစားသမားဘဝမှ အနားယူပြီးနောက် တကျော့ပြန် ၀င်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။ အောင်ငှိမ်းနှင့် လှလှစံ (ခ) မိုင်ဘွယ်စံတို့မှာ Compound မြှားပစ်အားကစားနည်းဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ယောစိမ်းယနှင့် စန်းယုထွေးတို့မှာ Recurve မြှားပစ်အားကစားဖြင့် ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဟုလည်း သိရသည်။ စန်းယုထွေးမှာ ချင်းပြည်နယ် မင်းတပ်မြို့တွင် ကြီးပြင်းခဲ့သူဖြစ်ပြီး၊ ဟားခါးမြို့တွင် ကျင်းပခဲ့သော ကျောင်းသားအားကစားပွဲတော်၌ ပြေးခုန်ပစ်ဖြင့် ချင်းပြည်နယ်အားစတင်ကိုယ်စားပြုခဲ့သူဖြစ်သည်။ လွန်ခဲ့သော ရီယိုအိုလံပစ်ပြိုင်ပွဲ၌ တတိယအဆင့်ထိရောက်ရှိနိုင်ခဲ့ပြီး၊ အိုလံပစ်ချန်ပီယံကိုးရီးယားသူနှင့် ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။ လှလှစံ (ခ) မိုင်ဘွယ်စံမှာ မကွေးတိုင်းဒေသကြီးမှ အရှိုချင်းအမျိုးသမီးဖြစ်ပြီး၊ ရေကူးအားကစားမှ မြှားပစ်အားကစားသို့ ပြောင်းရွှေ့ကစားရင်း တိုင်းပြည်ကိုယ်စားပြုလျက်ရှိသူဖြစ်သည်။ မြှားပစ်အားကစားသည် မြန်မာနိုင်ငံအတွက် ဆုတံဆိပ်များ ပုံမှန် ရယူပေးနိုင်လေ့ရှိသော အားထားရာ အဓိကအားကစားတခုလည်းဖြစ်သည်။ ထိုနည်းတူ- ပြေးခုန်ပစ်အားကစားပြိုင်ပွဲ၌ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှ Lianthang Pui မှ လှံတံပစ်အားကစားဖြင့် တိုင်းပြည်ကိုယ်စားပြုရန် ရွေးချယ်ခြင်းလည်း ခံထားရသည်။ လျန်ထန်ပွီးသည် ကျောင်းသားအားကစားပြိုင်ပွဲများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲတို့တွင်လှံတံပစ်နှင့် သံလုံးပစ်တို့ဖြင့် ချင်းပြည်နယ်အား ကိုယ်စားပြုပြီး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သူဖြစ်သည်။ ထို့ပြင် ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှလူငယ်အားကစားပြိုင်ပွဲတွင် ဒုတိယဆုရရှိနိုင်ခဲ့သည်။ ၂၀၁၃ တွင် မန္တလေးအားကားသိပ္ပံကျောင်းသို့ရောက်ရှိပြီး၊ ယခုနှစ် မလေးရှားဆီးဂိမ်းစ်မှာ သူ၏ ပထမဆုံး SEAGames ပြိုင်ပွဲလည်း ဖြစ်မည်ဖြစ်သည်။ ဟော်ကီ (အမျိုးသမီး) အားကစားပြိုင်ပွဲတွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှ ငွေဆွေတာရာ (ခ) Ngun Sui Tial မှလည်း တိုင်းပြည်ကိုယ်စားပြုကာ သွားရောက်မည်ဖြစ်သည်။ သူမသည် ဘောလုံးအားကစားတွင် အသက် ၁၃နှစ်အောက်၊ ၁၆ နှစ်အောက်နှင့် ၁၉ နှစ်အောက်များတွင် ရှေ့တန်းကစားသမားအဖြစ် ပါ၀င်ကစားခဲ့ပြီး၊ယင်းနောက် ဟော်ကီအားကစားသို့ ပြောင်းရွှေ့ကစားနေခြင်းလည်းဖြစ်သည်။ ဟော်ကီအသင်းတွင် ကွင်းလယ်လူ (ကျောနံပါတ် ၉) အဖြစ် ပါ၀င်မည်ဟုပြောသည်။ ပြည်သူအများစိတ်ဝင်စားခံရသည့် ဘောလုံး(အမျိုးသား) ပြိုင်ပွဲတွင် ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ တလွန်ဟုပ်ထန် (Tluang Hup Thang) သည်လည်း ရွေးချယ်ခြင်းခံထားရသည်။ ချင်းယူနိုက်တက်အသင်းမှ နောက်တန်းကစားသမားလည်းဖြစ်သော Tluang Hup Thang သည် ပြီးခဲ့သည့် အာရှ U22 ခြေစမ်းပွဲတွင်လည်း ပထမဆုံးပွဲမှလွဲ၍ ပွဲထွက်ကစားခွင့် ရရှိခဲ့သည့် ကစားသမားလည်းဖြစ်သည်။ ထိုနည်းတူစွာ မြန်မာနိုင်ငံအားကစားအဖွဲ့တွင် အုပ်ချုပ်ဦးဆောင်သူအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မိုင်ယင်းဝှာထောင်းလွယ် နှင့် ဒိုင်လူကြီးအဖြစ် ချင်းပြည်နယ်မင်းတပ်မြို့နယ်မှ ဒေါ်ကေသီတို့လည်း ပါ၀င်ကြောင်း သိရသည်။ ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဖွားမြင်ကြီးပြင်းသော မိုင်ယင်းဝှာထောင်းလွယ်သည် မြန်မာ့လက်ရွေးစင်ကရာတေးအားကစားသမားဟောင်းဖြစ်ပြီး၊ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ လက်ထောက်ညွှန်ကြားရေးမှူးတာဝန်ဖြင့် ထမ်းဆောင်လျက်ရှိသူဖြစ်သည်။

Most read this week

December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...
December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...