တောင်ကြီး မြို့ဝင် ဂိတ်တွင် လိုင်စင်မဲ့ ကားများ ဒဏ်ငွေရိုက်

တောင်ကြီး မြို့ဝင် ဂိတ်တွင် လိုင်စင်မဲ့ ကားများ ဒဏ်ငွေရိုက်

တောင်ကြီးမြို့ဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုင်စင်မဲ့ကားများကို ဖမ်းဆီးပြီး ငွေတောင်းခံမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ မီးရထား သံလမ်း မြို့ဝင်စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ပထမအပတ်မှ စတင်၍ လိုင်စင်မဲ့ကားများကို ငွေတောင်းနေခြင်းဖြစ်သည်ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် လိုင်စင်မဲ့ကား မောင်းနှင်နေသူများက ပြောသည်။

လွိုင်ကော်မြို့မှ တောင်ကြီးသို့ လိုင်စင်မဲ့ကားဖြင့် မောင်းနှင်လာသူ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး က “မနေ့က ၁၂ နာရီလောက်မှာ အဲ့ဒီဂိတ်ရောက်တော့ ဘယ်ကလာလဲ မေးတယ်။ ကျမကလည်း လွိုင်ကော်ကလို့ ဖြေတော့ မှတ်ပုံတင်စစ်တယ်။ ပြီးတော့ ကားက လိုင်စင်ပါလားတဲ့။ မပါဘူးဆိုတော့ ပိုက်ဆံတစ်သိန်း ပေးရ မယ် ပြောတယ်။ ကျမလည်း ၈၀,၀၀၀ ပဲပါတယ်ပေါ့။ အဲဒါကြောင့် ခဏစောင့်ပါ အသိတစ်ယောက်ဆီ လှမ်း ချေးပေးမယ် ပြောတော့ ရတယ်တဲ့ ၈၀,၀၀၀ ပဲပေးခဲ့ပါဆိုလို့ ပေးလိုက်ရတယ်။ ပိုက်ဆံတောင်းတာက ယာဉ် ထိန်းရဲ မပါဘူး။ စစ်သားတွေပဲ ဝိုင်းတောင်းတာ စုစုပေါင်း စစ်သား ၈ ယောက်” ဟု ပြောသည်။

ထိုကဲသို့ စစ်ကောင်စီတပ်က လိုင်စင်မဲ့ကားများကို ခြိမ်းခြောက် ငွေတောင်းနေမှုမှာ ယခု ဇူလိုင်လအတွင်း အများဆုံးတွေ့လာရသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ကတည်းက  လူပုံစံ အကဲခတ်၍ တောင်းနေသည်ကိုလည်း ကြုံတွေ့ခဲ့ရဖူးသည့် ဒေသခံအချို့က ပြောသည်။

ထို့အပြင် ဇူလိုင်လအတွင်း စစ်ဆေးရေးဂိတ်များတွင် သာမကပဲ တောင်ကြီးမြို့ စူဠာမုနိ အတက် လမ်းဆုံတွင် လည်း လိုင်စင်မဲ့ကားများကို ရဲနှင့် စစ်သားများက ညနေခင်းတိုင်း ခြိမ်းခြောက် ငွေတောင်းကာ မသင်္ကာသည့် လူငယ်များကို ဖုန်းများပါ စစ်ဆေးနေသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ညနေခင်း ၃ နာရီကျော်ရင်တော့ စူဠာမုနိ လမ်းဆုံကို without ကားနဲ့ မဖြတ်တာ ကောင်းတယ်။ သွားချင်သပ ဆိုရင်လည်း ၃ နာရီမကျော်ခင် သွားပေါ့။ ၆ နာရီကျော်မှ သွားရင်လည်း ရပါတယ်။ မှောင်ရင်တော့ သူတို့ စောင့် မဖမ်းရဲတော့ဘူး။ ကျနော်ကတော့ without ကားနဲ့ အဲဒီလမ်းဆုံ ဖြတ်မိလို့ အရင်ရက်ကပဲ ၃၀,၀၀၀ ပေး လိုက်ရတယ်” ဟု  အဆိုပါ လမ်းဆုံ၌ ကြုံတွေ့ခဲ့ရသူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။

အလားတူ တောင်ကြီးမြို့ အတက်လမ်း အေးသာယာ စစ်ဆေးရေး ဂိတ်တွင်လည်း လိုင်စင်မဲ့ကားများကို ငွေတောင်းခံနေပြီး ယာဉ်များကို ယာဉ်လိုင်စင်၊ ယာဉ်မောင်း လိုင်စင်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးကြောင်း လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) စသည့်တို့ကိုလည်း စစ်ဆေးနေသည်ဟု တောင်ကြီးမှ အေးသာယာသို့ နေ့စဉ်သွားလာနေသူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့စစ်ဆေးရာတွင် အိမ်စီးကားများကိုသာ စစ်ဆေးနေပြီး ယာဉ်လိုင်းပြေးဆွဲနေသည့် ကားများကို မစစ်ဘူးဟု ယာဉ်လိုင်း ပြေးဆွဲနေသူများက ပြောသည်။

တောင်ကြီးမြို့တွင် လိုင်စင်မဲ့ကားများအပေါ် ငွေတောင်းခံမှုနှင့် အစစ်အဆေး တင်းကြပ်နေမှုများမှာ စစ်ကောင် စီတပ်၏ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း တောင်ကြီးသို့ လာသည့် ခရီးစဉ်နှင့် ပတ်သက်၍ ဇွန်လ ၂၄ ရက်နေ့ မြို့မ ဈေး ဗုံးပေါက်ကွဲခဲ့သည့်ရက်မှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက သုံးသပ် ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...