FOODPanda Myanmar ဝန်ထမ်းများ အခွင့်အရေး ချိုးဖောက်ခံနေရ

FOODPanda Myanmar ဝန်ထမ်းများ အခွင့်အရေး ချိုးဖောက်ခံနေရ

အစားအသောက် ပို့ဆောင်ရေး ကုမ္ပဏီ Foodpanda Myanmar ဝန်ထမ်းများက လနှင့် ချီ တောင်းဆိုချက်များအား ကုမ္ပဏီမှ ဖြေရှင်းခြင်း မရှိသည့်အတွက် စားသုံးသူများပါ ပူးပေါင်း ကူညီရန် တောင်းဆိုလိုက်သည်။

Foodpanda Myanmar က ဝန်ထမ်းများက လုပ်အား ခနှင့် ထိုက်သင့်သည့် လစာရရှိရန် တောင်းဆိုခဲ့သည်မှာ ၃ လကြာလာပြီ ဖြစ်သော်လည်း ဖြေရှင်း ပေးခြင်း မရှိသေးပေ။

ဝန်ထမ်းများ၏ တောင်းဆိုချက် ၈ ချက် ကို ကုမ္ပဏီဘက်က လိုက်လျောခြင်း မရှိသည့်အတွက် Foodpanda ဆောဖ့်ဝဲလ်ကို ဖုန်းထဲမှ ဖျက်ပေးရန်နှင့် Foodpanda မှ မှာယူစားသုံးခြင်းတို့ကို ရပ်တန့်ပေးခြင်းဖြင့် ပူးပေါင်း ပါဝင်ပေးရန် ဇူလိုင် ၇ ရက်နေ့က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ရှိ Foodpanda ကုမ္မဏီတွင် လုပ်သက် ၂ နှစ်ကျော်အကြာ လုပ်ကိုင်နေသည့်  Rider ဝန်ထမ်း တစ်ဦးက “ကျနော်တို့ Rider တွေရဲ့ သင့်တင့် မျှတတဲ့ လုပ်အားခတွေနဲ့ လူအခွင့်အရေးတွေ ရရှိဖို့ Foodpanda ရုံးချုပ်ကို အချက် ၈ ချက်နဲ့အတူ ငြိမ်းချမ်းစွာ တောင်းဆိုခဲ့တယ်။ တောင်းဆိုချက်တွေကို ကုမ္မဏီဘက်က လိုက်လျော မပေးဘူး။ အဲ့ဒါကြောင့် Customer တွေအနေနဲ့ Foodpanda ဆောဖ့်ဝဲလ်ကို ဖုန်းထဲမှာ ရှိနေတယ်ဆိုရင် ဖျက်ချ  ပေးပါ။ Foodpanda ကနေ မှာယူစားသုံးခြင်း ရပ်တန့်ပေးပါ။ အပြင်မှာ ပို့ဆောင်ပေးနေတဲ့ Rider တွေ ရှိပါ တယ်။ သူတို့ဆီကပဲ မှာယူပေးကြပါ။ ကျနော်တို့ Rider အဖွဲ့နဲ့ Foodpanda ကုမ္ပဏီတို့ ပြန် အဆင်ပြေသွားပါ ပြီဆိုတဲ့ စာမထုတ်မချင်း ဒီလိုနည်းလမ်းတွေနဲ့ ပူးပေါင်း ပါဝင်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ပြော သည်။

ရန်ကုန်မြို့က Foodpanda မြန်မာအနေဖြင့် အလုပ်သမားများ၏ အခွင့်အရေးကို အပြည့်အဝ မပေးသည့် အတွက် အစားအသောက် ပို့ဆောင်ရေးဝန်ထမ်းများက ဇွန်လ ၆ ရက် စတင်၍ အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ ကြခြင်းဖြစ်သည်။

Foodpanda Rider ဝန်ထမ်းများမှာ ပြီးခဲ့သည့် ၂ နှစ်ကျော် ကာလများတွင် အော်ဒါ တစ်ကြောင်းပို့ဆောင်ပါက ကျပ် ၁,၈၀၀ ရရှိခဲ့ပြီး နောက်ပိုင်းတွင် ကျပ် ၁,၁၀၀၊ ကျပ် ၈၀၀၊ ကျပ် ၆၄၀ သို့ တဖြည်းဖြည်း ကျဆင်းခဲ့ကာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင်  ကုမ္ပဏီဘက်က ကျပ် ၅၂၀ သာ ပုံသေသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မတ်လ ၁၆ ရက်နေ့မှစ၍  Foodpadar မှ Rider ဝန်ထမ်းများ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်တွင် ကုမ္ပဏီဘက်မှ မတ်လ ၁၉ ရက်နေ့တွင် ကျပ် ၅၈၀ ပေးမည်ဟု သဘောတူခဲ့သော်လည်း ယနေ့အချိန်အထိ ပေးခဲ့ခြင်းမရှိဟု ဝန်ထမ်းများက ဆိုသည်။

Foodpand Rider ဝန်ထမ်းအချို့သည့် မိသားစု စားဝတ်နေရေးအခြေအနေကြောင့် ထိုက်သင့်သည့် လုပ်အား မရသော်လည်း ဆက်လုပ်နေကြရသည်ဟု ဆိုသည်။ အဆိုပါဝန်ထမ်းများသည် လစာ အနေဖြင့်လည်း မရရှိပဲ လက်ရှိအချိန်အထိ အော်ဒါတစ်ကြောင်းလျှင် ကျပ် ၄၀၀ ဝန်းကျင်သာ ရသည်ဟု ဆိုကြသည်။

ဝန်ထမ်းများက တောင်းဆိုထားသည့်အချက်များမှာ ပို့ဆောင်ရမည့် ခရီးအကွာအဝေးပေါ်မူတည်၍ လုပ်အားခ တိုးမြှင့်ပေးရန်၊ ကွန်ပြူတာ ဆော့ဖ်ဝဲလ်စနစ်ဖြင့် ထိန်းချုပ်နေသော တင်းကျပ်လွန်းသည့် စည်းကမ်းများကို လျှော့ချပေးရန်၊ တစ်ပတ်လျှင် တစ်ရပ် အပြည့်အဝနားခွင့်ပေးရန်၊ ပို့ဆောင်သူ Rider များကို Foodpanda rider သက်သေခံကဒ် ထုတ်ပေးရန်အပါအဝင် အချက် ၈ ချက်ကို တောင်းဆိုထားကြသည်။

ယခုပြုလုပ်နေသည့် Foodpanda Boycott Campaign များတွင် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့တို့မှ Rider ဝန်ထမ်းများပါဝင်သည်ဟု သိရသည်။

အဆိုပါ သပိတ်အား စားသုံးသူ ပြည်သူများမှ ကူညီ၍ သပိတ်မှောက်ပေးကြရန် အထွေထွေ သပိတ်ကော်မတီ (GSC)၊လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ (GSCN) နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ကော်မတီ (AJMM) တို့ကလည်း ဇူလိုင်လ ၆ ရက်နေ့တွင် တောင်းဆိုထားသည်။

Foodpanda ကုမ္မဏီမှာ အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများအား အခကြေးငွေဖြင့် ဝယ်ယူသူများထံ သို့ ပို့ဆောင်ပေးနေသည့် ပြည်ပအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းတို့ကို ဆိုင်ရှင်များဘက်မှ လစဉ် အမြတ် ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသည်။

ထိုသို့ ဆိုင်ရှင်များထံမှ လစဉ်အမြတ်ငွေ ၃၀ ရာခိုင်နှုန်း အထိယူထားသော်လည်း Foodpanda Rider များအား လုပ်အားခနှင့် ထိုက်သင့်သည့် လစာမပေးသည့်အတွက် ခေါင်းပုံဖြတ်နေသည့် လုပ်ရပ်ဖြစ်သည်ဟု ဝန်ထမ်းများ က ပြောသည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...