ပင်းတယမြို့နယ် CDM ပညာရေးရုံးဝန်ထမ်း ဒေါ်မိုးမိုးအေး ဖမ်းဆီးခံရ

ပင်းတယမြို့နယ် CDM ပညာရေးရုံးဝန်ထမ်း ဒေါ်မိုးမိုးအေး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် CDM ပညာရေး ရုံးဝန်ထမ်း ဒေါ်မိုးမိုးအေးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၆) ရက် ည (၈) နာရီဝန်းကျင်တွင် စစ်ကောင်စီမှ ကား (၂) စီး စစ်အင်အားအပြည့်ဖြင့် ပင်းတယမြို့နယ် မိုင်းအင်းကျေးရွာသို့ရောက်လာပြီး ဒေါ်မိုးမိုးအေးကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ ၆ ရက်နေ့ ကလာဖမ်းသွားတာ။ စစ်ကား (၂) စီး အင်အား အပြည့်နဲ့လာဖမ်းသွားတာ။ ရိုက်နှက်တာမျိုးတော့ မရှိဘူး။ ညအချိန်မှာ လာဖမ်းသွားတာ။ သူက CDM လုပ်လို့ဆိုပြီးတော့ပဲ လာဖမ်းသွားတာ” ဟု ပင်းတယမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် ယမန်နေ့ ဇူလိုင် (၇) ရက် ညနေပိုင်းအချိန်တွင်လည်း CDM ပြုလုပ်ထားသည့် ဆရာပြည့်ဖြိုးဝင်း အိမ် နှင့် မိုင်းအင်းကျေးရွာ အထက်တန်းပြ ဆရာမ ဒေါ်ခင်လေးဝါတို့ အိမ်ကို စစ်ကောင်စီက ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆရာပြည့်ဖြိုးဝင်းကို စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးသွားပြီးကြောင်း သိရသည်။

“ဆရာကိုတော့ သူတို့ ဖမ်းသွားတာကြာပြီ။ မနေ့ညမှပဲ သူတို့ ဆရာ၊ ဆရာမအိမ်ကို ထပ်ဝင်မွှေသွားတာ။ ဘာတွေယူသွားလဲတော့ မသိဘူး။ ဒီတိုင်းပဲ ဝင်မွှေသွားတာ။ ထပ်ဖမ်းခံရတာတော့ မရှိဘူး။ ဆရာမက ရှောင်သွားလိုက်တော့ လွှတ်သွားတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းအင်းကျေးရွာသည် ဓနုတိုင်းရင်းသားများ အများစုနေထိုင်နေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ်သည် PDF တပ်ဖွဲ့ရှိသောကြောင့် စစ်ကောင်စီက တင်းကြပ်စွာ စစ်ဆေးနေပြီး ပြည်သူများကိုလည်း ဖမ်းဆီးနေလျက်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန် ၁၈ ရက်နေ့ကလည်း ပင်းတယမြို့နယ် အင်းပလက်ကျေးရွာရှိ ဒေသခံ (၂၅) ဦးကိုလည်း စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး လက်ရှိ အချိန်ထိ သတင်းအစအန မသိရသေးပေ။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...