ပလက်ဝမြို့တွင် လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်မီးဖြန့်ဝေမှု ရပ်နားထားရ

ပလက်ဝမြို့တွင် လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်မီးဖြန့်ဝေမှု ရပ်နားထားရ

ချင်းပြည်နယ်တောင်ပိုင်းဒေသ ပလက်ဝမြို့တွင် လောင်စာဆီပြတ်လပ်မှုကြောင့် စစ်ကောင်စီက လျှပ်စစ်မီးမပေးနိုင်တော့ပဲ တစ်မြို့လုံး မီးမရရှိသည်မှာ ၅ ရက်ကျော်ရှိသွားပြီဟု သိရသည်။

ပလက်ဝဒေသခံတစ်ဦးက “ပြီးခဲ့တဲ့အပတ် တနင်္လာညကနေမရတာ ၄၊ ၅ ရက်ရှိပြီး သူတို့ကတော့ ဓာတ်ဆီမရှိဘူးလို့ပြောတာပဲ ဒီမှာက ဓာတ်ဆီကတင်လို့မရတော့အဲလိုဖြစ်တာလို့ပြောတာပဲ ဓာတ်ဆီက ကျောက်တော်ကနေ သယ်လာတာ ဝင်လာလို့မရဘူးနဲ့တူတယ်" ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

ပလက်ဝမြို့နယ်သည် မဟာဓာတ်အားလိုင်း မရောက်ရှိသေးသည့်အတွက် လျှပ်စစ်ဌာနမှ ဒီဇယ်ဆီကိုအသုံးပြု၍ လျှပ်စစ်မီး ဖြန့်ဖြူးပေးလေ့ရှိသည်။

သို့သော်လည်း ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ကျောက်တော်ဘက်မှ လောင်စာဆီအပါအဝင် ကုန်ပစ္စည်းများဝင်ရောက်မှုကို စစ်ကောင်စီဘက်က တင်းကြပ်လိုက်သည့်အတွက် ပလက်ဝတွင် လောင်စာဆီပြတ်လပ်ကာ ယခုအခြေအနေသို့ ဆိုက်ရောက်သွားရခြင်းဖြစ်သည်။

ပလက်ဝမြို့တွင် လျှပ်စစ်မီးကို အာဏာမသိမ်းခင်က တစ်ညလျှင် ၄ နာရီဖြန့်ဖြူးပေးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တစ်ရက်ခြားဖြင့် တစ်ည ၄ နာရီဖြန့်ဖြူးပေးလျှက်ရှိကာ ဇွန်လ ၂၇ ရက်နေ့ကစ၍ လောင်စာဆီပြတ်လပ်မှုကြောင့် လျှပ်စစ်မီးပေးဝေမှု ရပ်နားသွားခဲ့ရခြင်းဖြစ်သည်။

“ည ၆ နာရီကနေ ၁၁ နာရီထိတော့ရတယ် ဒီညရင် နောက်တနေ့ကမရတော့ဘူး အဲလိုလေ တလှည့်စီပေါ့ တရက်ခြားရတဲ့အချိန်မှာလည်း အဲလိုရတာ အခုကအဲဒီတလှည့်စီလည်းမရတော့ဘူး တချိူ့က ကိုယ့်အိမ်မှာ ဆိုလာပြားနဲ့ ဘက်ထရီနဲ့ ထွန်းကြတယ်၊ တချိူ့ကဖယောင်းတိုင်မီးနဲ့ထွန်းတယ်၊ အဲလိုပဲနေကြတယ် တမြို့လုံးက ဘက်ထရီရှိ တဲ့အိမ်ကမီးလင်းတယ် ဘက်ထရီမရှိတဲ့အိမ်က တမြို့လုံးက မီးမှောင်နေတာပဲ" ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။

ချင်းပြည်နယ်တွင် လူဦးရေအများဆုံးမြို့နယ်ဖြစ်သည့် ပလက်ဝမြို့နယ်သည် လောင်စာဆီအပါအဝင် အခြေခံစားသောက်ကုန်များကို ရခိုင်ပြည်နယ်ဘက်မှ ကျောက်တော်-ပလက်ဝလမ်းကြောင်းကတဆင့် အဓိက သယ်ယူလေ့ရှိကြသည်။

ယခုလက်ရှိတွင် ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေပြေးဆွဲမှုကို စစ်ကောင်စီဘက်က တင်းကြပ်လိုက်သည့်အတွက် ပလက်ဝမြို့တွင် လောင်စာဆီအပြင် အခြေခံစားသောက်ကုန်များလည်း အဆမတန် ဈေးနှုန်းမြင့်တက်လျှက်ရှိသည်ဟု သိရသည်။

Most read this week

February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...
February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...