ပုသိမ်မြို့ဝင်ဂိတ် ညဘက် ဖြတ်သန်းသူများထံမှ ငွေတောင်း

ပုသိမ်မြို့ဝင်ဂိတ် ညဘက် ဖြတ်သန်းသူများထံမှ ငွေတောင်း

ပုသိမ်မြို့အဝင် စစ်ဆေးရေးဂိတ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ညဘက် ဖြတ်သွားဖြတ်လာသူများကို ဖမ်းဆီးကာ ငွေကျပ် နှစ်သိန်း အနည်းဆုံး ငွေညှစ်တောင်းခံ နေသည်ဟု မြို့ခံများက ပြောသည်။

ဂိတ်မှ ဖြတ်သည့်သူများကို ညဦးပိုင်း စောစောတွင် ပြန်ပေးဆွဲသကဲ့သို့ ဖမ်းထားပြီးနောက် ညဥ့်သန်းခေါင် ကျော် အချိန်မှ အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်သူများထံ ဆက်သွယ်၍ အချိန်မတော်ထွက်သည်ဟု ဆိုကာ ငွေကျပ် ၂ သိန်း မှ ၃သိန်း အထိတောင်းပြီး လာရွေးခိုင်းနေခြင်း ဖြစ်သည်ဟု သိရသည်။

“အမှောင်ထဲက လူအုပ်စုလိုက် ထွက်လာပြီး ဆိုင်ကယ်ကို ရပ်ခိုင်းတော့ ဓားပြတိုက်တယ် မှတ်လို့။ နောက်တော့ ဖုန်းကိုစစ်တယ်။ ကိုယ်မှာလည်းရှာတယ်။ ပြီးတော့ဖမ်းထားပြီး အိမ်ကိုဆက်သွယ် ပြီးလာခေါ်ခိုင်းတယ်” ဟု ပုသိမ်မြို့ ပေါက်ကုန်းဂိတ်တွင် အဖမ်းခံရပြီး ငွေ ၂သိန်းပေး၍ ပြန်လွတ်လာသူ တစ်ဦးက ပြောသည်။

မြို့အဝင်ဂိတ် ၃ ဂိတ် အနက် စစ်ဂျင်နီယာတပ် တံဆိပ်ပါသည့် ယူနီဖောင်ဝတ် စစ်သားများပါဝင်သည့် ပေါက် ကုန်းဂိတ်နှင့် စစ်သားအိုကြီး အများစုပါဝင်သည့် ပုသိမ်ကြိုး တံတားဂိတ်တို့က ဖမ်းဆီး ငွေညှစ်နေသည့် အပြင် ခြောက်ပေါက်ထဲ ထည့်ကာ ရိုက်နှက်ပြီးမှ ပြန်လွှတ်ပေးလေ့ရှိသည်ဟု ပြန်လွတ်လာသူ အချို့၏ ပြောပြချက် အရ သိရှိရသည်။

ယင်းဂိတ် ၂ ဂိတ်တွင် ည ၇ နာရီ နောက်ပိုင်းမှစ၍ ကင်းပုန်းဝပ်ကာ ချောင်းနေပြီး ဂိတ်အနားသို့ ဆိုင်ကယ်များ ကားများ အနီးရောက်လာမှ ရုတ်တရက် ထွက်လာပြီး စစ်ဆေး ဖမ်းဆီးကာ အတင်းအဓမ္မ ငွေညှစ်တောင်းခံနေ ခြင်း ဖြစ်သည်ဟု ငွေညှစ်ခံသူ အချို့က ဆိုသည်။

ထို့အပြင် ဖုန်းထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံများ၊ NLD ပါတီ တံဆိပ်၊ ခွပ်ဒေါင်းပုံ၊ နွေဦးတော်လှန်ရေးနှင့် သက်ဆိုင်သည့်ပုံများအပြင် NUG ပရိုဖိုင်များတွေ့ရှိပါက ဖမ်းဆီးထောင်ချမည်ဟု ဆိုကာ အကြပ်ကိုင် ငွေညှစ်မှုလည်းရှိသည်ဟုသိရသည်။

“ဖုန်းထဲမှာ ဗိုလ်ချုပ် မိသားစုပုံရယ် ဒေါ်အောင်ဆန်းစုကြည် ပုံရယ် save ထားမိတယ်၊ ဒီပုံတွေ လူအများစုမှာ ရှိ နေနိုင်တယ်ဗျာ။ အဲ့ဒါကိုပြဿနာရှာပြီး ငွေညှစ်တာ လွန် လွန်းပါတယ်” ဟု ပုသိမ် ကြိုးတံတားဂိတ်တွင် ငွေ ၂သိန်း အတောင်းခံခဲ့ရသည့် ကားမောင်းသူတစ်ဦး က ပြောသည်။

ဖမ်းဆီးခံရသူ အများစုက စစ်ကြောရေးစခန်းသို့ ရောက်ရှိသွားပါက အသက်အန္တရယ် ရှိနေခြင်းနှင့် ပြန်လွတ်ရေး အတွက် သိန်းဆယ်ဂဏာန်း မှ ရာဂဏန်းအထိ ကုန်ကျနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ ငွေညှစ်တောင်းနေသည်ကို မပေးချင်ကြ သော်လည်း ပေးကြရသည်ဟု ငွေညစ်အတောင်းခံရသူ အချို့ က ပြောသည်။

ပုသိမ်-မုံရွာ-ရေဦး လမ်းမကြီးပေါ်ရှိ ကိုးဆူကျေးရွာ စစ်ဆေးရေးဂိတ်၊ ပုသိမ်-ချောင်းသာ ကားလမ်းပေါ်ရှိ ပုသိမ်ကြိုးတံတား စစ်ဆေးဂိတ် နှင့် ပုသိမ်-ငပုတောလမ်းပေါ် ရှိ ပေါက်ကုန်းရွာ စစ်ဆေးရေးဂိတ် တို့သည် ပုသိမ်မြို့၏ အဝင်အထွက်ဂိတ်များ ဖြစ်သည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...