တီးတိန်မြို့နယ်က CDM နှစ်ဦးနှင့် အရပ်သားတစ်ဦးကို ZRA ဖမ်းဆီးရိုက်နှက်ကာ နယ်နှင်ဒဏ်ပေး

တီးတိန်မြို့နယ်က CDM နှစ်ဦးနှင့် အရပ်သားတစ်ဦးကို ZRA ဖမ်းဆီးရိုက်နှက်ကာ နယ်နှင်ဒဏ်ပေး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကျိန်းပီးကွတ်ကျေးရွာက CDM နှစ်ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း သုံးဦးကို Zomi Revolutionary Army (Eastern Command) တပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ ကျေးရွာမှပြောင်းရွှေ့ကြရန် နယ်နှင်ဒဏ်ပေးသည်ဟု သိရသည်။

ZRA (EC) တပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၀ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် ကျိန်းပီးကွတ်ကျေးရွာသို့ ဝင်ရောက်လာပြီး အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်သော (CDM) ကျောင်းဆရာတစ်ဦး၊ ရဲတပ်သားတစ်ဦးနှင့် ကျောင်းဆရာမတစ်ဦး၏အမျိုးသား စုစုပေါင်း ၃ ဦးတို့ကို ရွာအပြင်ဘက် နှစ်ခြင်းသချိုင်းကုန်း အနီးသို့ ဖမ်းဆီးခေါ်ဆောင်ကာ ၃ နာရီကြာခန့် ရိုက်နှက်စစ်ဆေးခဲ့သည်ဟု သိရသည်။

၎င်းတို့ ၃ ဦးအား ရိုက်နှက်စစ်ဆေးမေးမြန်းမှုအပြီးတွင် ပြန်လွှတ်ပေးခဲ့သော်လည်း ဇွန်လ ၂၅ ရက်နေ့နောက်ဆုံးထား၍ ရွာထဲမှ ပြောင်းရွှေ့ထွက်ခွါကြရန် ZRA (EC) က နယ်နှင်ဒဏ်ပေးထားသည်ဟု သိရသည်။

“မသေချင်ရင်တော့ ထွက်သွားရမှာပေါ့၊ မိသားစုနှင့်အတူသွားရမှာဆိုတော့လေ။ စားဖို့သောက်ဖို့ ရောင်းလို့ရတာတွေ ရောင်းရမယ်။ ဘယ်တတ်နိုင်မှာလဲ” ဟု တီးတိန်မြို့က ဒေသခံတစ်ဦးက ခိုနူမ်းသုန်သတင်းဌာနကို ပြောပြသည်။

ဖမ်းဆီးရိုက်နှက်ခံရသော အဆိုပါ ၃ ဦးသည် လမ်းပင်မလျှောက်နိုင်ကြတော့ဘဲ ရွာသားများက ဆိုင်ကယ်များဖြင့် သွားရောက်သယ်ယူခဲ့ရသည်ဟု သိရသည်။

၎င်းတို့ထဲမှ တစ်ယောက်သည် ရွာမှ ပြောင်းရွှေ့သွားပြီဟု သိရသည်။

ကျိန်းပီးကွက်ကျေးရွာသည် တီးတိန်မြို့မှ ၁၈ မိုင်ခန့်ကွာဝေးကာ အိမ်ခြေတစ်ရာကျော်ရှိပြီး အခြေခံပညာအထက်တန်းကျောင်းရထားသော ရွာတစ်ရွာဖြစ်သည်ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ZRA (EC) က ယနေ့ဇွန်လ ၂၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ၎င်းတို့ ၃ ဦးသည် ဇိုမီးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများအား အခြားသော လက်နက်ကိုင်များထံ သတင်းပေးမှုနှင့် ရပ်မိ/ရပ်ဖ ပြည်သူများ၏ သဘောထားအရ ရပ်ရွာကျောင်းဖွင့်မည့်အပေါ် အနှောက်ယှက်ပေးမှုတို့ကြောင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဇိုမီးတော်လှန်ရေးတပ်မတော် (အရှေ့ပိုင်းတိုင်း) ZRA (EC) သည် စစ်ကောင်စီက မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကို ထောက်ခံကြိုဆိုကြောင်း မေလ ၃၀ ရက်နေ့ကကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ZRA (EC) တပ်ဖွဲ့သည် ယခင်ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်ကို ဆန့်ကျင်တော်လှန်နေကြသော ချင်းပြည်နယ်က ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ တပ်စခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်ဖျက်စီးသည့် သာဓကများရှိခဲ့သည်။

၂၀၂၁ ခုနှစ် မေ ၂၂ ရက်တွင် တီးတိန်မြို့နယ် အခြေစိုက်ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို ZRA (EC) က ဝင်ရောက်သိမ်းပိုက်ခဲ့သကဲ့သို့ ၂၀၂၁ ခုနှစ် ဇွန် ၁၆ ရက်တွင်လည်း PDF-Zoland တပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ကာ သေနတ်၊ ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းစုစုပေါင်း တန်ဖိုး ကျပ်သိန်း ၆၀ ကျော်ကို ဖျက်ဆီးခဲ့ပါသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာလထဲတွင် တီးတိန်မြို့နယ် အခြေစိုက် CDF-Hualngo တပ်စခန်းကို ZRA ဝင်ရောက်ဖျက်ဆီးသည့်အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင်လည်း PDF-Zoland ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျင်ရှန်းဆွမ်ကို တီးတိန်မြို့တွင် ZRA က ပစ်ခတ်သတ်ဖြတ်ခဲ့ပါသည်။

ထို့ကြောင့် CNF/CNA အပါအဝင် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ ၁၇ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် Chinland Join Defense Committee (CJDC) က ZRA (EC) အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ၂၀၂၂ ခုနှစ် ဧပြီလ ၁၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...