RCSS တပ်မတော် အစိုးရတပ်မတော်တို့အကြား ငြိမ်းချမ်းရေးပျက်လေမလား

RCSS တပ်မတော် အစိုးရတပ်မတော်တို့အကြား ငြိမ်းချမ်းရေးပျက်လေမလား
by -
သျှမ်းသံတော်ဆင့်
ခွန်ဆန်မူး၊ သြဂုတ် ရ၊ ၂၀၁၇ ဇွန်၊ ဂျူလိုင်လ ကနေ ကနေ့အထိ အစိုးရတပ်မတော် သျှမ်း(ရှမ်း)ပြည်တပ်မတော် RCSS/SSA တို့အကြား တိုက်ပွဲသတင်းတွေ ဆက်တိုက်ဖတ်နေရပါတယ်။ ၎င်းလက်နက်ကိုင်တပ်နှစ်ဖွဲ့အကြား စစ်ရေးပဋိပက္ခကြောင့် ဒေသခံတွေ လဲဖမ်းဆီးခံနေရပါတယ်။ အမှန်တော့ ဒီနှစ်ဖွဲ့ဟာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ တနိုင်ငံလုံးအဆင့် အပစ်ရပ်ထားကြတာဖြစ်တဲ့အတွက် ဒီလိုမျိုးသတင်း မရှိသင့်တော့ပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ ဘာတွေလက်တွဲလုပ်နေကြလဲ၊ ဘာတွေဆွေးနွေးနေကြလဲ၊ ဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုလက်တွဲ ဖြေရှင်းနေကြလဲဆိုတဲ့ သတင်းတွေပဲ ပိုမိုတက်လာ သင့်တယ်လို့ မြင်မိပါတယ်။ အထူးခြားဆုံးကတော့ - မနေ့က သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ကနေ အသိတယောက် ဖုန်းဝင်လာပါတယ်။ ‘ဘာတွေဖြစ်နေကြလဲ။ RCSS နယ်မြေမှာ တပ်မတော် စစ်ကြောင်း သွားနေတာတွေ့တယ်။ တိုက်ပွဲ ပြန်ဖြစ်တော့မလား။ ဘာသတင်းထူးသံကြားသေးလဲ …..’ တဲ့ - သေခြာ စုံစမ်းကြည့်တော့ သျှမ်းပြည်တောင်ပိုင်း မြို့နယ်တိုင်းမှာ အစိုးရတပ်မတော်က အင်အားဖြည့် လှုပ်ရှားမှု ပိုပြုလာနေပါတယ်။ လင်းခေးမြို့နယ်က မြောက်ဘက်ဒေသ ကျေးလက်အကြီးအကဲ တဦးက - ‘ဗမာတပ်တွေ အင်အားတစ်ရာလောက် ဒီမြောက်ဘက်ဒေသကို တက်လာတယ်။ အရင်က ဒီမှာ သျှမ်းတပ်ဘဲရှိတယ်လေ။ အခု သျှမ်းတပ်လှုပ်ရှားသတင်းရလို့ လာတာတဲ့။ လာမေးတာက - သူတို့ဘယ်ရွာမှာနေလဲ ဆိုတာ ပြောပါ။သတင်းအမှန်ပေးပါတဲ့ ၊ အမှန်အတိုင်းမပြောရင် တပ်မတော်ဆိုတာ ဘာလဲဆိုတာသိတယ်နော်တဲ့ ခြိမ်းခြောက်ပြီး လာမေးနေတယ်။ ကျနော်တို့လဲ အမှန်အတိုင်းဘဲ ပြောလိုက်တယ်။ အင်အား ဘယ်လောက်ရှိ ဘယ်ရွာမှာရှိနေလဲ ဆိုတာ။ အခုထိ အဲဒီကိုလဲ သူတို့မသွားသေးဘူး။ ပစ်ခတ်သံလဲ မရှိသေးဘူးပေါ့။ သွားရင်တော့ သေခြာတယ်။ ရွာသူရွာသားတွေတော့ ဒုက္ခရောက်ကုန်တော့မှာဘဲ … စိတ်တအား ပူမိတယ်။ တိုက်ပွဲ ပြန်မဖြစ်စေချင်တော့ဘူးလေ” - လို့ပြောပါတယ်။ အစိုးရတပ်မတော် အင်အားဖြည့် လှုပ်ရှားနေမှုဟာ သျှမ်းပြည်တောင်ပိုင်းတင်မကဘဲ သျှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပြင်း၊ ကျိုင်းတုံ၊ မိုင်းဖြတ်၊ မိုင်းဆတ် ၊ မိုင်းတုံ မြို့နယ် ဘက်မှာလဲ သွားလာ လှုပ်ရှားနေကြောင်း၊ သျှမ်းပြည်မြောက်ပိုင်း သီပေါ ၊ ကျောက်မဲ ၊ သိန္နီ၊ နမ္မတူ မြို့ဘက်မှာလဲ နဂို TNLA ရှင်းလင်းရေးလှုပ်ရှားတပ်တွေအပြင် ပိုမိုလှုပ်ရှားလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တဦးကတော့ - ‘‘ ဒီစကားကြားရတော့ ကျနော်တောင် မျက်လုံးပြူးသွားတယ်။ အမှတ် ၂ ကစထ မှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူး) အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦးက - ‘ RCSS/SSA က NCA အတိုင်း လိုက်မလုပ်ဘူး။ ဒါ့ကြောင့် သူတို့ ကို ရှင်းလင်း တိုက်ခိုက် ဖယ်ရှားသွားရလိမ့်မယ် ’ - လို့ပြောတယ်။ အမှန်တော့ တနိုင်ငံလုံး အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးပြီးပြီဘဲ။ ဖြစ်ပျက်နေတဲ့ ပြဿနာအားလုံး အပစ်ရပ် NCA စာချုပ် ရှိနေပြီ ၊ သဘော တူညီချက်တွေရှိနေပြီ - ဆိုတော့ အဲဒီစာချုပ်ကို ကိုင်ပြီး ဆွေးနွေးအဖြေရှာရမှာ။ အင်အားသုံးပြီးဖြေရှင်းဖို့လုပ်လာရင် တဘက်ကလဲ ခုခံ တိုက်ခိုက်ရမှာဘဲ” - လို့ ပြောပါတယ်။ ဒီလို တိုက်ပွဲ တွေ ပြန်ဖြစ်လာရင် စစ်ဘေးစစ်ဒဏ်ခံရမှာက ပြည်သူတွေပါ။ သျှမ်းပြည်တပ်မတော် RCSS/SSA ဆိုတာ ၁၉၉၆ ကနေ ၂၀၁၁ ခု နှစ် အထိ အစိုးရ တပ်မတော်နဲ့ ဆက်တိုက် တိုက်ပွဲဆင်နွဲလာတဲ့ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။ အဲဒီ့အချိန်ကတည်းက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ပြောခဲ့တဲ့ အားလျော်စွာ စစ်အစိုးရ အသွင် ပြောင်း သမ္မတ ဦးသိန်းစိန် အစိုးရ ငြိမ်းချမ်းရေးကမ်းလှမ်းတာနဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေးတည်ဆောက်ဖို့ သဘောတူတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ် ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဝေဖန်ပုတ်ခတ် မှုတွေလည်းအများအပြားရှိခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းရေးဆွဲစဉ် သျှမ်းပြည်တပ်မတော် က မပါဝင်လို့ပါဘဲ။ ရေးဆွဲတဲ့ နေရာမှာ မပါဝင်ဘဲ အပစ်သွားရပ်တော့ အဲဒီစာချုပ်အကြောင်း ဘာသိမလဲပေါ့။ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ - ‘ ကျနော်တို့ တိုက်ပွဲ ဆင်နွဲလာ တာကြာပြီ ။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမယ်လို့ ကျနော်တို့ ခံယူထားတဲ့ အတိုင်းဘဲ။ ဒီတော့ ဒါက အခွင့်အရေးဘဲ။ အရင်က ကျနော်တို့ တိုက်ပွဲ အရမ်းလုပ်ချင်နေတယ်လို့ ထင်နေကြ တယ်။ ဒီလိုအပစ်ရပ်လိုက်တော့ ဘယ်သူ ပိုမှား ဘယ်သူပိုမှန်ဆိုတာ ပိုအမြင်ရှင်းသွား ဒါပေါ့” – ဟု ဝေဖန်သုံးသပ်ဖူးပါတယ်။ အမှန်တော့ သျှမ်းပြည်တပ်မတော် RCSS/SSA နဲ့ အပေါင်းပါ တော်လှန်ရေးတပ် ရ ဖွဲ့ အပစ်ရပ်လိုက် တာဟာ အပစ်မရပ်သေးတဲ့ အဖွဲ့တွေ အတွက် အစမ်းသပ်ခံပေးလိုက်တာဘဲလို့ ပြောရင် မှားမယ်မ ထင်ပါဘူး။ သူတို့ ၈ ဖွဲ့ အပစ်ရပ်လိုက်တဲ့ လုပ်ရပ်၊ လုပ်ဆောင်ချက်တွေကို အပစ်မရပ်သေးတဲ့ အဖွဲ့ တွေက စောင့် ကြည့်နေကြပါတယ်။ ပိုမိုထူးခြားလာတာ ဘာရှိလာမလဲ။ အပစ်ရပ်လိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အနေနဲ့ ဘာအကျိုးကျေးဇူးတွေရလဲ၊ လူထု ကကော ဘာအသီးအပွင့်ရလာမလဲ ဆိုတာ။ အခုက သွားလိုတဲ့နေရာ သွားမရ၊ အပစ်ရပ်ပူးတွဲစောင့်ကြည့်တဲ့ ပြည်နယ်အဆင့်၊ ခရိုင်အဆင့် ရုံးတွေ ဖွင့်လှစ်ပေမယ့် ဘာမှ ဆုံးဖြတ်ပိုင်ခွင့်မရှိ။ ထို့အတူ ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေး ကိုယ်စားလှယ် ရုံး ကလဲ ‘ ခင်ဗျားတို့တပ်တွေ ဆုတ်ခိုင်းလိုက်ပါ’ လို့ ခေါ်ပြောတဲ့ အဆင့်ပဲထားတာပါ၊ တိုက်ပွဲ မဖြစ်ခင် အဲဒီ့ ဘက် သွားမယ်၊ လူအင်အားဘယ်လောက်၊ ဘယ်အချိန်သွားပြီး ဘယ်အချိန်လောက် ပြန်ထွက်မလဲ ဆို တာ ကြိုပြောတာ၊ ကြိုတင်အကြောင်းကြားတာဘယ်တော့မှမရှိ၊ သွားပြီး တိုက်ပွဲ ဖြစ်ပွားမှ ကိုယ်စား လှယ်ရုံးတာဝန်ခံကို ‘ကျုပ် တို့ စစ် ကြောင်း ခင်ဗျားတို့ အဖွဲ့ ပစ်တယ်၊ ဒါ NCA ချိုးဖေါက်တယ်’ - တပ် မဆုတ်မချင်း ဆက်ဆံ ရေးရုံးတာဝန်ခံကိုလွှတ်မပေး တာလဲ ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် RCSS/SSA ကို အစိုးရ တပ်မတော်က ဆက်လက်တိုက်ပွဲ ဆင်နွဲရင် ဝ တို့ ၊ မိုင်းလား တို့ တခြား မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ငြိမ်းချမ်းရေးမှာ ပါဝင်လာဖို့ မဖြစ်နိုင်တော့ပါဘူး။ တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေး မပျက်သွားအောင် ဖမ်းဆီးထားတဲ့ ကျေးလက်လူထု အမြန်ဆုံး လွှတ်ပေးပါ၊ ဖြစ်နေတဲ့ ပြဿနာကို အစိုးရ ၊ တပ်မတော်နဲ့ သက်ဆိုင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တို့ အမြန်ဆုံးတွေ့ဆုံပြီး ဖြေရှင်းပေးပါ။ တဦးအပေါ်တဦး အပစ်ပုံချ ရန်စ စကားတွေ၊ လုပ်ရပ်တွေ အမြန်ဆုံး ရပ်တန်းက ရပ်လိုက်ပါ။ တိုက်ပွဲတွေ ရပ်တန့်နိုင်ဖို့အတွက်၊ တိုက်ပွဲဖြစ်ရတဲ့အကြောင်းရင်းစီစစ် ကြပ်မတ်နိုင်ဖို့အတွက် JMC ထက်ပိုမိုဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ၊ JMCထက်ပိုမိုအားကောင်းတဲ့ တတိယအဖွဲ့အစည်းတခုရှိဖို့လိုအပ်တယ်လို့မြင်မိပါတယ်။ လူထု ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကလဲ လူထုထောက်ခံမဲနဲ့ တန်အောင် တနိုင်ငံလုံးအပစ်ရပ်နိုင်ဖို့ ဦးစားပေး အလုပ်အနေဖြင့်လုပ်ဆောင်ပါ။ တိုင်းရင်းသား ဘက်က NCA စာချုပ်လက်မှတ်လာထိုးပါလို့ ပြောသလို တိုင်းရင်းသားတွေ လက်မှတ်လားထိုးနိုင်အောင် ယုံကြည်မှုတည်ဆောက်နိုင်အောင် အင်အားသုံး ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်မတော်ကိုလဲ ဟန့်တားပေးပါ။ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့၊ စစ်မှန်တဲ့ငြိမ်းချမ်းရေး တိုင်းရင်းသားလူထု တရပ်လုံးခံစား ရရနိုင်ဖို့ ၊ တန်းတူညီမျှစွာနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့ အားလုံး မာန်မာနတွေ လျှော့ပေးကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...