ဇွန် ၂၂ ရက်က အစိုးရဘက်မှ တောင်ပိုင်း ဝ တပ်ဖွဲ့သို့ တွေ့ဆုံရန် အကြောင်းကြားလာသဖြင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံမည်ဟု ပြောဆိုသော်လည်း အခြေအနေ အသေးစိတ်ကိုမူ မသိရသေးကြောင်းလည်း ဦးအောင်မြင့်က ပြောသည်။
၄င်းက “သွားမယ်လို့ ပြောတာဆိုတာတော့ ရှိတယ်။ ဒါပေမဲ့ တကယ်သွားပြီလား မရှင်းဘူးခင်ဗျ။ သူတို့ တောင်ဘက်က ကိစ္စကို ကျွန်တော် ကောင်းကောင်းမရှင်းဘူး။ ဆွေးနွေးမှာက အခုအခြေအနေတင်းမာတဲ့ ကိစ္စလေးတွေပါပဲ”ဟု မဇ္စျိမကို ပြောသည်။
အစိုးရစစ်တပ်နှင့် UWSA တပ်တို့ မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း စစ်အင်အား အလုံးအရင်းနှင့် ဖြည့်တင်းမှုများ ရှိနေသည်မှာ ရက်သတ္တပတ်ကြာမြင့်နေပြီ ဖြစ်ကြောင်း ၄င်းကိစ္စကို အဓိကထား ဆွေးနွေးနိုင်မည်ဟု ယူဆကြောင်းလည်း ၄င်းက ပြောသည်။
တောင်ပိုင်း ဝ တပ်ဖွဲ့ တပ်ရင်း ၁၇၁ ပင်မဆက်ဆံရေးတာဝန်ခံ ဦးကျော်နိန်သည် ဇွန်လ ၂၃ ရက်တွင် နေပြည်တော်သို့ ခရီးထွက်ခွာသွားပြီ ဖြစ်ကြောင်း UWSA ၏ ပြည်ပ ဆက်ဆံရေးပထမဌာနကြီးမှူး ဦးအိုက်လူက ဒီဗွီဘီတွင် ပြောဆိုထားသည်။
ဇွန်လဆန်းပိုင်းကလည်း မိုင်းတုံမြို့နယ်အတွင်း ဝ တပ်ဖွဲ့ဝင် ၆ ဦးနှင့် သာမန်အရပ်သား ၁၀ ဦးတို့ကို ဖမ်းဆီးခဲ့သဖြင့် တြိဂံတိုင်းမှူးနှင့် UWSA တို့ ပြန်လည် ညှိနှိုင်းဆွေးနွေး၍ လွတ်ပေးခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထဲမှ အင်အားအကြီးဆုံးဖြစ်သော UWSA သည် ၁၉၈၉ ခုနှစ်က ယခင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သလို၊ ယခု ဦးသိန်းစိန်အစိုးရနှင့်လည်း ၂၀၁၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သည်။
ပြီးခဲ့သည့် မေလ ၁ ရက်မှ ၆ ရက်ထိ UWSA က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့မှ ခေါင်းဆောင်များအား ခေါ်ယူ၍ မျက်နှာဆုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး လက်ရှိ နိုင်ငံရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။







