မွန်ပြည်နယ်အတွင်းက ကုန်တင်ကား လုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မွန်ပြည်နယ်အတွင်းက ကုန်တင်ကား လုပ်ငန်းရှင်တွေ အရှုံးနဲ့ ရင်ဆိုင်နေရ

မွန်ပြည်နယ်အတွင်းက ကုန်တင်ကားတွေဟာ စက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေး အကြောင်းပြပြီး စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းယူနေတဲ့အတွက် တွက်ခြေမကိုက်ဘဲ အရှုံးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်တင်ကား လုပ်ငန်း ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတစ်နှစ်ကျော်ကာလအတွင်း လုံခြုံရေးအကြောင်းပြပြီး ကုန်သွယ်ရေး လမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးချဲ့ဖွင့်လှစ်လာသလို စစ်ဆေးမှုတွေ ပိုမို တင်းကြပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကုန်တင်ကား တစ်စီးဟာ စစ်ဆေးရေးဂိတ် တစ်ဂိတ် ဖြတ်တိုင်း အနည်းဆုံး ကျပ် ၅၀၀၀ ကနေ ၁၀၀၀၀ ထိပေးဆောင်ရပြီး အထောက်အထား မပြည့်စုံတဲ့ ကုန်တင်ကားတွေဆိုရင် တစ်စီးလျှင် ကျပ် ၁၅၀၀၀ ကနေ ၂၀၀၀၀ ထိ တောင်းယူခံနေရတာပါ။

အခုလို အခြေအနေတွေကြောင့် ကုန်တင်ကားအများစု အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ကုန်တင်ကား လုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

“လမ်းပေါ်တက်ပြီးတော့မှ အကုန်လုံးက မြဝတီလမ်းကြောင်းမှာဆိုရင် (၄)နေရာ၊ မြဝတီနဲ့ ကော့ကရိတ်ကြားမှာဆိုရင် (၅)နေရာ လောက်မှာ ရဲတွေ၊ တပ်တွေ၊ နယ်ခြားစောင့်တပ်တွေက တောင်းကြတယ်။ KNU က မပစ်ခတ်တော့တဲ့အခါမှာ လုံခြုံရေးရဆိုပြီး တပ်တွေက ဝင်နေရာယူပြီး လမ်းပေါ်တက်ပြီး ပိုက်ဆံတောင်းတာ၊ ပြီးတော့ ဘီးလင်းနဲ့ ကျိုက်ထိုကြားမှာ (၃)နေရာ၊ ဘီးလင်းနဲ့ သထုံကြားမှာ (၂)နေရာ တောက်လျှောက် တောင်းနေတယ်။ သူတို့ကို တောက်လျှောက်ပေးရတဲ့အခါ ကျတော့ ကားသမားတွေအတွက်က မကျန်တော့ဘူး။ ဆီဈေးကလည်းတက်နေတော့ သွားတာသွားနေ ရတယ်။ ရှုံးနေတာ”လို့  ကုန်တင်ကားလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

အခုလို အရှုံးပေါ်မှုကြောင့် လုပ်ငန်းရှင်တွေက ကုန်တင်ကား အစီးရေ လျှော့ချပြေးဆွဲလာသလို တချို့ကတော့ လုပ်ငန်းတွေကို ရပ်နားလာကြတယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ ကုန်တင်ကားလုပ်ငန်းရှင်တွေဟာ စက်သုံးဆီ လိုသလောက် ဝယ်ယူလို့ မရတာနဲ့ ဆီပြတ်လတ်မှုကို မကြာခဏ  ရင်ဆိုင်နေရတဲ့အတွက် ဆက်လက် ပြေးဆွဲဖို့ အခက်ကြုံနေကြပါတယ်။

မွန်ပြည်နယ်အတွင်းက ကုန်တင်ကားတွေဟာ ဒေသထွက်ကုန်တွေကို တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့နေသလို နယ်စပ်ဒေသက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကိုတော့ ပြည်နယ်အတွင်းကို ပြန်လည် တင်ပို့ပြီး ကုန်သွယ်နေတာ ဖြစ်ပါတယ်။

Most read this week

July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...
July 23, 2026
မော်လမြိုင် - စစ်တပ်အသွင်ပြောင်း အစိုးရလက်ထက်တွင် အခြေခံစားသောက်ကုန်ဖြစ်သော ကြက်ဥတစ်လုံးလျှင်...
July 21, 2026
မွန်ပြည်အတွင်း စစ်အုပ်စုက တရားမဝင်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသည့် ထိုင်းကုန်ပစ္စည်းများကို...