မွန်ပြည်နယ်အတွင်းက စပါးစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ ယခုနှစ်မိုးစပါးရာသီမှာ ဓာတ်မြေသြဇာ အပြည့်အဝ မထည့်နိုင်တော့တဲ့အတွက်ကြောင့် စပါးအထွက်နှုန်း လျော့ကျမှာကို စိုးရိမ်နေကြပါတယ်။
စိုက်ပျိုးရေးသုံး သွင်းအားစု ဓာတ်မြေသြဇာအပါအဝင် ဆက်စပ်ပစ္စည်းတွေဟာ စစ်တပ် အာဏာသိမ်း တဲ့ တစ်နှစ်ကျော် ကာလအတွင်းမှာ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် စပါးစိုက် တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းမှုဒဏ်ကို ခါးစည်းခံနေရတာပါ။
အရင်က စိုက်ပျိုးရေးသုံး သွင်းအားစုဖြစ်တဲ့ ဓာတ်မြေဩဇာ ဈေးနှုန်းဟာ အမျိုးအစားပေါ် မူတည်ပြီး တစ်အိတ်ကို ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာမှ စစ်တပ် အာဏာသိမ်းပြီးနောက် တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကနေ တစ်သိန်း နီးပါးထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စပါးစိုက်ပျိုးရာမှာ အဖက်ဖက်က ကုန်ကျစရိတ်တွေ အဆမတန် မြင့်တက်လာနေ တဲ့အတွက်ကြောင့် ဓာတ်မြေသြဇာတွေကို လျှော့သုံးနေရလို့ လာမယ့်စပါးထွက်ရာသီမှာ အထွက် နှုန်း လျှော့ကျလာမှာကို စိုးရိမ်နေရတယ်လို့ တောင်သူလယ်သမားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မဖြစ် ဖြစ်သလိုပဲ လုပ်နေရတာပေါ့။ နောက်ရမယ်ဆိုတဲ့ဟာကိုလည်း မမျှော်တော့ဘူး။ ဓါတ်မြေ သြဇာဈေးကမြင့်တော့ မဝယ်သုံးတော့ဘူး။ အတတ်နိုင်ဆုံး ဓါတ်မြေသြဇာလျှော့တယ်။ သွင်းအားစုတွေကို လျှော့တဲ့အတွက် အထွက်နှုန်းကတော့ ခါတိုင်းထက်လျော့သွားမှာပေါ့” လို့ တောင်သူလယ်သမား တစ်ဦးက ပြောပါတယ်။
သွင်းအားစုကုန်ပစ္စည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ငွေကြေး တန်ဖိုး ဆက်တိုက်ကျဆင်းလာတာနဲ့ သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်နေတာကြောင့် ဈေးနှုန်းတွေ ဆက်လက် မြင့်တက်နေတာပါ။
တောင်သူလယ်သမားတွေဟာ အရင်နှစ်က ကောက်စိုက်သမားတွေနဲ့ ပျိုးနှုတ်သူတွေကို တစ်ရက် လုပ်အားခအနေနဲ့ ၅၅၀၀ ကျပ်ကနေ ၆၀၀၀ ကျပ်သာ ပေးဆောင်ခဲ့ရပြီး အခုနှစ်မှာတော့ ၈၀၀၀ ကျပ်ကနေ တစ်သောင်းကျပ်အထိ ပေးဆောင်လာရတဲ့အတွက် ပိုမို ဒုက္ခကြုံလာရပါတယ်။
လုပ်အားခ ဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ အလုပ်သမားရှားပါးမှုတွေကြောင့် အခုရာသီမှာ စိုက်ခင်းအစား ကြဲခင်းတွေကို လုပ်ဆောင်တော့တယ်လို့ တောင်သူလယ်သမား တစ်ဦးက ဆိုပါတယ်။
“ကြဲခင်းကတော့ စိုက်ခင်းလောက် ထွက်နှုန်းမသေချာဘူး။ ဈေးနှုန်းကြီးမြင့်တဲ့အခါကျတော့ ဓါတ်မြေသြဇာကို လိုအပ်သလောက် မကြဲပက်နိုင်တဲ့အခါကျတော့ ကြဲခင်းလည်း ထွက်နှုန်းကျမှာပဲ။ စိုက်ခင်းလည်း ထွက်နှုန်းကျမှပဲ။ လိုအပ်သလောက် ကြဲပက်ပြန်တော့လည်း ဓါတ်မြေသြဇာရဲ့ ဈေးနှုန်းနဲ့ ထွက်လာမယ့် စပါးရဲ့ ထွက်နှုန်းက စပါးဈေးရဲ့ အနေအထားနဲ့ အကျိုးအမြတ်မရှိဘူး”လို့ တောင်သူလယ်သမား တစ်ဦးက ပြောပါတယ်။
စိုက်ပျိုးရေး သွင်းအားစု ဓာတ်မြေသြဇာ အပါအဝင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်နေတဲ့ တောင်သူလယ်သမားတွေဟာ တစ်ဖက်မှာလည်း စက်သုံးဆီဈေးနှုန်း အဆမတန်ကြီးမြင့်မှု ဒဏ်ကိုပါ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
မွန်ပြည်နယ်မှာတော့ မိုးစပါးကို ၁၀ မြို့နယ်လုံးမှာ စိုက်ပျိုးနေတာ ဖြစ်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက ၆ သိန်းကျော် စိုက်ပျိုးနေတာ ဖြစ်ပါတယ်။
တောင်သူလယ်သမားတွေဟာ ပြီးခဲ့တဲ့နှစ် မိုးစပါးစိုက်ပျိုးရာသီမှာ သဘာဝဘေးနဲ့ ပိုးမွှား ကျရောက်ခဲ့တဲ့အတွက် မိုးစပါး အထွက်နှုန်း နည်းခဲ့သလို သွင်းအားစု စရိတ်ကြီးမြင့်ခဲ့တာကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။







