အထည်ချုပ်လုပ်ငန်းရှင်တချို့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေ

အထည်ချုပ်လုပ်ငန်းရှင်တချို့က စစ်ကောင်စီနှင့် ပူးပေါင်းပြီး အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေ

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် လုပ်ငန်းရှင်တချို့က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို ခေါင်းပုံဖြတ်ပြီး အတင်းအဓမ္မ မတရား ခိုင်းစေနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံတဝန်းက အလုပ်သမားတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လုပ်ခလစာ အပြည့်မရတာ၊ အချိန်ပို ဆင်းရပေမယ့် အချိန်ပိုကြေးမရတာတွေအပြင် လုပ်ငန်းခွင်ထဲ အတင်းအဓမ္မ အလုပ်ခိုင်း စေခံနေရသလို အဆိုးဆုံးကတော့ ဆေးကုသခွင့်နဲ့မီးဖွားခွင့်လို အခွင့်အရေးတွေပါ ဆုံးရှုံးနေရပါတယ်။

အဲဒီထဲမှာတော့ ရန်ကုန်တိုင်းရှိ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေဟာ အခွင့်အရေးတွေကို ဆိုးဆိုးဝါး ချိုးဖောက်ခံနေရတာပါ။

အခွင့်အရေး ချိုးဖောက်ခံရနေတဲ့ အလုပ်သမားတွေဟာ ဆန္ဒထုတ်ဖော်မယ်ဆိုရင်လည်း အလုပ်ရှင်တွေက စစ်တပ်နဲ့ ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်လာတယ်လို့ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။

“ စက်ရုံတော်တော်များများ အားလုံးလိုလိုမှာ မြေပြင်ကရတဲ့ အစီရင်ခံစာတွေအရ စက်ရုံတွေမှာ အလုပ်သမားတွေကို ပေးတဲ့လစာတွေ ပြောင်းလဲတဲ့ စည်းမျဥ်းစည်းကမ်းတွေပေါ် မူတည်ပြီးတော့ သဘောကျရင်လုပ် ၊ မကြိုက်ရင် ကြိုက်တဲ့နေရာတိုင် ၊ ဆန္ဒမပြနဲ့ ၊ ဆန္ဒပြရင် စစ်တပ်ကို ခေါ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်နေတယ်” လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အလုပ်သမားတွေဟာ နေ့စဉ်အလုပ်ချိန် ၁၂ နာရီထက်မနည်း အလုပ်လုပ်နေရပြီး၊ တနင်္ဂနွေနေ့တွေပါ အလုပ်ရှင်ဘက်က အလုပ်ဆင်းခိုင်းလာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အလုပ်မပြီးရင်လည်း လုပ်ငန်းရှင်က ကိုယ်ထိလက်ရောက် ကျူးလွန်တာတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအထိပါ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို စစ်ကောင်စီထံ သွားရောက် တိုင်ကြားပေမယ့် ကူညီဖြေရှင်းဆောင်ရွက်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်သမား ၂ သန်းနီးပါး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ထုတ်ပြန်ထားပါတယ်။

May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...
May 5, 2026
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်နေရာမှာ ဖမ်းဆီးထားရာကနေ...
ဓာတ်ပုံ - KNU
May 4, 2026
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေတွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်အစိုးရက...