ယင်းသတင်းစာရှင်းလင်းပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမဆောင် (၁) တွင် နေ့လယ် ၁ နာရီမှ ၃ နာရီထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ရခိုင်ပြည်နယ်မှာ ပြည်အနယ်အစိုးရအနေနဲ့ လုံခြံုရေးကို ပြည်ထောင်စုအစိုးရ၊ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့ပြီး ဖွံ့ဖြိုးရေးအပိုင်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက ပြောကြားခဲ့သည်။
လုံခြံုရေးကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သော်လည်း နိုင်ငံတကာ သံတမန်များနှင့် ဆက်စပ်ဆောင်ရွက်နေရသည့်အတွက် ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း ၀န်ကြီးချုပ်က ၀န်ခံပြောကြားခဲ့သည်။
တက်ရောက်လာသည့် သတင်းထောက်များကလည်း ပြည်နယ်အစိုးရ၏ လုံခြံုရေးအပေါ် လက်ရှိဆောင်ရွက်နိုင်မှု၊ မောင်တောဒေသ အကြမ်းဘက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရက ထုတ်ပြန်ချက်များတွင် မည်သူက ကျူးလွန်သည်ဆိုသည်ကို တိတိကျကျ မဖေါ်ပြမှုအပေါ် နိုင်ငံတကာ သတင်းဌာနများနှင့် ဘင်္ဂါလီများက ပြစ်မှုကျူးလွန်သည့် အကြမ်းဘက်သမားများသည် ရခိုင်လူမျိုးများ၊ တပ်မတော်သားများ ဖြစ်နေ သယောင်ယောင် ပုံမှားရိုက်ခံရနေမှု၊ နိုင်ငံတကာ NGO များ၏ လူသားချင်းစာနာရေးကို အကြောင်းပြပြီး ဘင်္ဂါလီများကို ကူညီကာ အကြမ်းဘက်သမားများကို အားပေးအားမြှောက်ပြုလုပ်နေမှု၊ လက်ရှိပြည်နယ်အစိုးရ၏ ဒေသခံ မီဒီယာများနှင့် ဆက်ဆံရာတွင် အဆင်မပြေမှုများနှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာရေးအဆောက်အဦများဆိုင်ရာ မေးခွန်များကို မေးမြန်းခဲ့ကြသည်။
“ACF ဆိုတဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတစ်ခုက နေပြီးတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ လူသိန်းချီပြီး အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်ဆိုပြီး နိုင်ငံတကာကို စစ်တမ်းတစ်ခု ထုတ်ပြန်ပြီး အဲ့ဒီဒေသက ဘင်္ဂါလီတွေကို လူသားချင်းစာနာရေးကို အကြောင်းပြပြီး ကူညီခဲ့ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ဘယ်နေရာမှာမ မရှိပါဘူးလို့ နိုင်ငံတကာသံတမန်တွေကို အဲ့ဒီဒေသကို ခေါ်ယူပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ဖြေကြားခဲ့သည်။
မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတစ်ဝိုက်သည် မြေဆီမြေသြဇာ ကောင်းမွန်ပြီး၊ စပါးစိုက်ပျိုးဖြစ်ထွန်းမှု အလွန်ကောင်းမွန်ကြောင်း၊ ယင်းဒေသရှိ လယ်ယာမြေအားလုံးနီးပါးကို ဘင်္ဂါလီတို့သာ ပိုင်ဆိုင်ကြပြီး သူတို့သာ စိုက်ပျိုးကြသည်ကိုလည်း နိုင်ငံတကာ သံတမန်များကို ၀န်ကြီးက ရှင်းပြခဲ့သည်ဟု ဆိုသည်။
ရသေ့တောင်မြို့နယ် မယူတောင်တန်းတွင် လူပျောက်ရှာဖွေရာမှ အကြမ်းဘက်သမားများ ခိုအောင်းနေသည့် တဲများတွင် UN မှ ထောက်ပံ့ကူညီသည့် ပစ္စည်းများကို တံဆိပ်နှင့်တကွ တွေ့ရှိရမှုသည်။ UN အဖွဲ့အစည်းများအနေဖြင့် အကြမ်းဘက်သမားများနှင့် တိုက်ရိုက်ဆက်နွယ်မှု ရှိနေသည်ဟု ပြောနိုင်ပါသလားဟု Eleven Media Group မှ သတင်းထောက် သားရွှေဦး၏ အမေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက အောက်ပါအတိုင်း ဖြေကြားပေးခဲ့သည်။
“အဲ့ဒီလို အကြမ်းဘက်သမားတွေ ခိုအောင်းတဲ့ နေရာမှာ UN က ပစ္စည်းတွေ တွေ့တာနဲ့ ပတ်သက်ပြီး UN က အကြမ်းဘက်အဖွဲ့တွေကို ကူညီနေတယ်လို့ တိတိကျကျ ပြောဆိုလို့ မရနိုင်သေးပါဘူး။ UN က ကူညီတဲ့ ပစ္စည်းတွေကို သူတို့ဝယ်ယူတာလည်း ဖြစ်နိုင်တယ်၊ UN က အကူအညီကို ရတဲ့လူတွေက တိုက်ရိုက် အသုံးပြုတာလည်း ဖြစ်ပါတယ်”ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ဖြေကြားခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဗလီအလုံးပေါင်း ၁၀၀၀ ကျော်ရှိသေ်ာလည်း တရားဝင်ဗလီ ဆယ်ဂဏန်းသာရှိသည်ဟု ပြည်နယ်သာသနာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အနေဖြင့် သူ့၏ တစ်နှစ်တာ လုပ်ဆောင်နိုင်ခဲ့မှုအပေါ် အားရကျေနပ်မှုရှိပြီး၊ မီဒီယာများ၏ မေးခွန်းများအပေါ် အားရကျေနပ်မှုရှိသည်ဟု မီဒီယာများသို့ ဖြေကြားခဲ့သည်။
ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် မီဒီယာဌာနအသီးသီးမှ သတင်းထောက်များနှင့် တာဝန်ရှိသူများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။







