ကရင်နီ ရွာကို PDF မီးရှို့တယ်ဆိုပြီး သတင်းမှား ဖြန့်

ကရင်နီ ရွာကို PDF မီးရှို့တယ်ဆိုပြီး သတင်းမှား ဖြန့်

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ်ရှိ  ဆောင်နန်းခဲ ကျေးရွာထဲက နေအိမ်တွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုပြီး People's voice Media ဆိုတဲ့ Facebook စာမျက်နှာက မေလ ၁၇ ရက်နေ့ က ရေးတင်ထားတာကို တွေ့ရပါတယ်။

နေအိမ်တွေ မီးလောင်နေတာကို အဝေးကနေ လှမ်းရိုက်ထားတဲ့ ရုပ်သံ ၂ ခုကို အသုံးပြုပြီး  People's voice Media က ရေးတင်ထားတာပဲ ဖြစ်ပါတယ်။

People's voice Media “တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး အား တပ်မတော် စစ်ကြောင်းများမှ ဆောင်ရွက်နေစဉ် ဆောင်နန်းခဲ ကျေးရွာအနောက်ဘက် အင်းတွင် မီးခိုး များ အူထွက်လာသည်ကို တွေ့ရှိရသဖြင့် ၎င်းကျေးရွာတစ်ဝိုက်အား ထောက်လှမ်းရာ မသင်္ကာဖွယ်ရာလူ ၁၀ ဦး ခန့်မှ ကျေးရွာရှိ နေအိမ်များကို လိုက်လံမီးရှို့ နေကြောင်း တွေ့ရှိရပြီး မီးရှို့နေသော PDF အကြမ်းဖက် သမား များအား လိုက်လံပစ်ခတ် ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်း သူ ၆ ဦးခန့်သည် လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ပြီး လွယ်ပေါကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ကျန် ၄ ဦးသည် လှေဖြင့် ဆုတ်ခွာ ထွက်ပြေး သွားခဲ့ပြီး တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်း လျက်ရှိကြောင်း ... ထုံးစံအတိုင်း တပ်က ရှို့တယ်ဆိုပြီး အလှူခံစားကြဦးမယ်” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဆောင်နန်းခဲရွာက နေအိမ်တွေကို PDF တွေက မီးရှို့တာ မဟုတ်ပဲ စစ်ကောင်စီတပ်က မီး ရှို့ဖျက်ဆီးခဲ့တာဆိုပြီး ဒေသခံတွေက ပြောဆိုထားလို့ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သတင်းဌာန တော်တော်များများက ရေးသားထားကြတဲ့ သတင်းတွေထဲမှာ ဆိုရင်လည်း စစ်ကောင်စီ တပ်က ရွာထဲကို ဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အပြင် နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ က သတင်းဌာနတွေကို အတည်ပြု ပြောဆိုထားပါတယ်။

RFA သတင်းဌာနက ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3ljawCy တွေ့နိုင်သလို ၊ Myanmar Now https://bit.ly/3PqUXXf ၊ Kantarawaddy Times https://bit.ly/3wqCYcg ၊ ရှမ်းသံတော်ဆင့် https://bit.ly/3NgQlB2 ၊ Ayeyarwaddy Times https://bit.ly/3FTSTCX စတဲ့ သတင်းဌာနတွေက ရေးသား ထား တဲ့ သတင်းတွေထဲမှာဆိုရင်လည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်ဆိုပြီး ဒေသခံတွေက အတည်ပြုပြောဆို ထားကို တွေ့ရပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်စစ်ကြည့်လိုက်တဲ့အခါမှာ People's Voice Media ရဲ့ ရေးသားမှုဟာ မြေ ပြင်မှာ တကယ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံတာ မဟုတ်ပဲ ဖြစ်ရပ်မှန်နဲ့ ဆန့်ကျင်ပြီး ပြောင်းပြန်ရေး သား ထားကို တွေ့ရှိရတဲ့အပြင် ပြည်သူတွေက PDF တွေကို အထင်အမြင်မှားအောင်၊ ကြောက်လန့်အောင်၊ စိတ်နာ အောင်၊ မယုံကြည်အောင်၊ မကူညီအောင် ရည်ရွယ်ချက်ရှိရှိ လိမ်ညာ ဝါဒဖြန့်ရေးသားထားတဲ့ သတင်း အမှား တစ်ခု ဖြစ် တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။

People's voice Media ရဲ့ သတင်းကို လက်ရှိ အချိန်အထိ ထပ်ဆင့်ဖြန့်ဝေသူ ၁၅၀ အထိရှိနေပြီး ကြိုက်နှစ်သက် သူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေ အနေနဲ့ PDF တွေကို ပြည်သူတွေ အထင်အမြင်မှားအောင်၊ မထောက်ပံ့ မကူညီအောင်၊ အားမပေးအောင်၊ ကြောက်လန့်အောင် မဟုတ်မမှန် သတင်းစကားတွေကို ရည်ရွယ် ချက်ရှိရှိ ဝါဒဖြန့် ထုတ်လွှင့် ဖြန့်ဝေနေတာကို တွေ့ရှိရပါတယ်။

ဒါ့အပြင် သတင်းအမှားဖြန့်ဝေသူတွေဟာ သတင်းတု/ သတင်းမှားတွေကို သူတို့ကြိုက်သလို ဖန်တီးရေးသားပြီး တော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံ ရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေ ဖို့လိုပါတယ်။

Most read this week

February 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို"...
February 21, 2026
ကရင်နီပြည်မှာ တပ်တစ်တပ်တည်း တည်ရှိရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးဆီကို လူထုတွေက...
February 20, 2026
ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညပိုင်းမှာ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကနေ ဆက်လက်...
February 19, 2026
ကရင်နီပြည် ၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့...