“နောက်ဆုံးအသုတ်က ၁၈၇ ဦး၊ ပထမအသုတ်က ၈ ဦး၊ စုစုပေါင်း ၁၉၅ ဦးရှိပါတယ်ဗျာ့။ အဲဒီအထဲက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားကသူတွေကို ပြန်ပို့နေပါပြီ” ဟု သူက ဆိုသည်။
ဇွန်လ ၁၉ ရက်နေ့က စစ်တွေမှ ၂၇ ဦး၊ ကျောက်တော်မှ ၁၂ ဦးနှင့် မင်းပြားနှင့် မြောက်ဦး မြို့နယ်တို့မှ သုံးဦးစီကို သူတို့ နေထိုင် ရာ ကျေးရွာများသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု သိရသည်။ ပေါက်တောမြို့့နယ်မှ ၁၄ ဦးကိုလည်း ပြန်ပို့ထားသော်လည်း နေရပ်သို့ မရောက်ရှိသေးဟု ဆိုသည်။
“ပေါက်တောမြို့နယ်က ၁၄ ဦးကိုတော့ ပြန်ပို့ထားပါတယ်။ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်က ဘင်္ဂလီ တစ်ရာကျော်ကိုတော့ ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့မှာ ပို့ပါမယ် ခင်ဗျား။ အများဆုံး ပြန်ပို့ခံရမှာကတော့ မောင်တောမြို့နယ်က ဖြစ်ပါတယ်” ဟု လဝက ညွှန်မှူးက ပြောဆိုသည်။
သူတို့အား သူတို့ ပေးသော နေရပ်လိပ်စာအတိုင်း မြို့နယ်နှင့် ရပ်ကွက်-ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ အိမ်ထောင်စု စာရင်းကို သွားရောက် တိုက်ကြည့်ပြီး မှန်ကန်သဖြင့် သူတို့အား သူတို့ နေရပ်ရင်းကို ပြန်ပို့ခြင်း ဖြစ်ကြောင်း ဦးခင်စိုးက ဆက်လက် ပြောဆိုသည်။
ရခိုင်အမျိုးသား ပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောကမူ ယခုလို ပြန်ပို့ခြင်းမှာ ဥပဒေနှင့် မညီညွှတ်ကြောင်း ထောက်ပြ ဝေဖန် ပြောဆိုသည်။
“ဥပဒေကြောင်းအရ ပြောတာနော်။ ဥပဒေအရဆိုရင် ဒီတိုင်းပြည်ကနေ တစ်ခြားတိုင်းပြည်တစ်ခုကို တရားမဝင် ထွက်သွားတဲ့ သူတွေကို ဘာမှ တရားမစွဲဆိုဘဲ ပြန်လည် နေရာချထားပေးတယ်ဆိုတာက ဒါ ဥပဒေနဲ့ လုံးဝ ကိုက်ညီမှု မရှိဘူး။ နောက်တစ်ချက် မြန်မာ ပြည်ကနေ အခြား တိုင်းပြည်တစ်ပြည်ကို ကိုယ်ထွက်ချင်ရင် ထွက်သွားမယ်။ ၀င်ချင်တဲ့ အချိန် ၀င်လာလို့ ရတယ်ဆိုရင် ဒါဟာ တရားဥပဒေ စိုးမိုးမှု မရှိဆိုတာကို ပြသနေတာပါပဲ။ တရား ဥပဒေစိုးမိုးမှု မရှိရင် တည်ငြိမ်မှုက ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်စရာ မရှိပါ” ဟု သူက ပြောဆိုသည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းမှ လှေစီး ဒုက္ခသည် ၂၀၈ ယောက် နှင့် ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ ရ၃၃ ဦးတို့ကို လွန်ခဲ့သောလက မြန်မာရေတပ်က ကယ်တင်ခဲ့သည်။ ထိုအထဲမှ လူပေါင်း ၁၉၅ ဦးမှာ ရခိုင်ပြည်နယ်တွင် နေထိုင်သော ဘင်္ဂလီများ ဖြစ်သဖြင့် သူတို့ကို နေရပ်ရင်းကို သက်ဆိုင်ရာမှ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။
ဘင်္ဂလာဒေရှ့်နိုင်ငံသားများအထဲကလည်း ၁၈၇ ဦးကို ပြန်ပို့လိုက်ပြီ ဖြစ်ပြီး ကျန်လူများကို ပြန်ပို့ရန် ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ အကြောင်းပြန်ကြားချက်ကို စောင့်နေကြသည်ဟု သိရသည်။







