မွတ်ဆလင်နှင့် ကမန် ကျောင်းသားများ ဆယ်စုနှစ်တစ်ခုကြာမှ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ခွင့်ပြန်လည်ရရှိ

မွတ်ဆလင်နှင့် ကမန် ကျောင်းသားများ ဆယ်စုနှစ်တစ်ခုကြာမှ စစ်တွေတက္ကသိုလ်တွင် ကျောင်းတက်ခွင့်ပြန်လည်ရရှိ
ယခုမေလ ၉ ရက်နေ့က စစ်တွေတက္ကသိုလ်တွင် မွတ်ဆလင်ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့် လာရောက်လျှောက်ထားခဲ့စဉ်။  Photo - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ
ယခုမေလ ၉ ရက်နေ့က စစ်တွေတက္ကသိုလ်တွင် မွတ်ဆလင်ကျောင်းသားများ တက္ကသိုလ်ဝင်ခွင့် လာရောက်လျှောက်ထားခဲ့စဉ်။ Photo - ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ

ဆယ်စုနှစ်တစ်ခုကြာ ပညာသင်ခွင့်ဆုံးရှုံးခဲ့ရသည့် မွတ်ဆလင်နှင့် ကမန် ကျောင်းသားများမှာ ယခုနှစ်မှစတင်ပြီး စစ်တွေတက္ကသိုလ်တွင် Day ကျောင်းသားအဖြစ် တက်ရောက်ခွင့်ရရှိတော့မည်ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သည့် မွတ်ဆလင်နှင့် ရခိုင်တို့ကြား ပဋိပက္ခကြောင့် လုံခြုံရေးအရဆိုကာ မွတ်ဆလင်များကို အာဏာပိုင်တို့က တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ပိတ်ပင်ခဲ့ပြီး ယခုလို ပညာသင်ခွင့်ဆုံးရှုံးနေသည့် မွတ်ဆလင်များကို ကျောင်းပြန်လည်တက်ခွင့်ရရှိအောင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကြိုးပမ်းဆောင်ရွက်ခဲ့သည်ဟု ကိုကျော်နိုင်ဌေးကပြောသည်။

“ရခိုင်ပြည်မှာရှိတဲ့ မွတ်ဆလင်လူမျိုးအားလုံး စစ်တွေတက္ကသိုလ်မှာ Day တက်ခွင့်ရတယ်။ ကမန်တွေလည်းပါတယ်။ ၂၀၁၂ ခုနှစ် ရခိုင်ပြည်မှာ လူမျိုးရေးပဋိပက္ခကြောင့် နဂိုတက်နေတဲ့ မွတ်ဆလင်ကျောင်းသားတွေ၊ ကမန်ကျောင်းသားတွေက စစ်တွေတက္ကသိုလ်ကနေပြီး ခေတ္တရပ်နားခံလိုက်ရတယ်။ စစ်တွေတက္ကသိုလ်မှာ ဒီနှစ်ကနေစပြီး မွတ်ဆလင်ကျောင်းသားတွေကို Day တက်ခွင့်လက်ခံနေပါပြီ”ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦးဖြစ်သူ ၎င်းကဆိုသည်။

ပဋိပက္ခဖြစ်ပွားပြီးနောက်တွင် မွတ်ဆလင်များသည် Day ကျောင်းတက်ရောက်သင်ကြားခွင့် မရရှိခဲ့ဘဲ အဝေးသင်ပညာသာ သင်ကြားခွင့်ရခဲ့သည်။ ထို့အပြင် မွတ်ဆလင်ကျေးရွာများတွင် ဖွင့်လှစ်ပေးထားသည့် အစိုးရကျောင်းများတွင်လည်း ပထဝီ၊ မြန်မာစာ၊ သမိုင်းဘာသာရပ်သုံးခုသာ သင်ကြားခွင့်ရခဲ့သည်ဟု မွတ်ဆလင်ကျောင်းသားများထံမှ သိရသည်။

ယခုကဲ့သို့ စစ်တွေတက္ကသိုလ်တွင် မွတ်ဆလင်များကို Day တက်ခွင့်ပေးသဖြင့် ဝမ်းသာမိကြောင်းနှင့် ရခိုင်လူမျိုးနှင့် မွတ်ဆလင်များကြားတွင် ဆက်ဆံရေးပိုမိုကောင်းလာမည်ဟု စစ်တွေမြို့၊ သဲချောင်းကျေးရွာမှ မွတ်ဆလင်ကျောင်းသား ကိုစိုးမြင့်က DMG ကိုပြောသည်။

“မွတ်ဆလင်လူမျိုးတွေက ၂၀၁၂ ခုနစ် လူမျိုးရေးပဋိပက္ခဖြစ်ကတည်းက Day တက်ခွင့်မရခဲ့ဘူး။ ရန်ကုန်မှာလည်း တက်ခွင့်မရခဲ့ဘူး။ အခုလို ကျနော်တို့မွတ်ဆလင်လူမျိုးတွေ စစ်တွေတက္ကသိုလ်မှာ Day တက်ခွင့်ပြန်ရလို့ အရမ်းဝမ်းသာပါတယ်။ ရခိုင်လူမျိုးတွေနဲ့အတူ တက်ရောက်ရမှာဆိုတော့ မွတ်ဆလင်တွေနဲ့ ရခိုင်လူမျိုးတွေက ပိုအဆင်ပြေလာတာပေါ့”ဟု သူကဆိုသည်။

မွတ်ဆလင်များကို နှစ်စဉ်နှစ်တိုင်း Day ကျောင်းတက်ရောက်ခွင့်ပေးထားပြီး မတက်ရောက်ရဟု ကန့်သတ်ထားခြင်းမရှိကြောင်းနှင့် ၎င်းတို့ကိုယ်တိုင် လာရောက်မဆက်သွယ်ခြင်းသာဖြစ်ကြောင်း စစ်တွေတက္ကသိုလ် သင်တန်း‌ရေးရာဌာနမှူး ဦးကျော်နိုင်ဦးက DMG သို့ပြောသည်။

“ဘယ်သူကိုမတက်ရလို့ သတ်မှတ်ထားတာမရှိဘူး။ သူတို့ကိုယ်တိုင် လာမဆက်သွယ်တာပါ။ အခု သူတို့ပြန်ဆက်သွယ်လာတဲ့အတွက်ကြောင့် ပြန်လို့တက်ရတာမျိုး မဟုတ်ဘူး။ နှစ်တိုင်းဝင်ခွင့်ချပြီးသားပါ။ သူတို့ဘာသာ မဆက်သွယ်တာပဲဖြစ်ပါတယ်။ ဒီနှစ်မှာ သူတို့ဆက်သွယ်လာတယ်။ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါအတိုင်းလိုက်လုပ်ပေးတယ်။ ဒီလောက်ပါပဲ”ဟု ၎င်းကဆိုသည်။

၂၀၂၂ ခု ပညာသင်နှစ် တက္ကသိုလ်ကျောင်းများကို လာမည့် မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...