တိုက်ပွဲများနှင့် စစ်ရေးပဋိက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရ သည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်းက လူပေါင်း ၇၀၀၀ ကျော် စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရသည်ဟု စစ်ရှောင်များက ပြောသည်။
စစ်ကောင်စီတပ်သည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေအတွင်းရှိ ကျေးရွာထဲသို့ လက် နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ထိုဒေသရှိ ကျေးရွာပေါင်း ၁၀ ရွာခန့်က ဒေသခံပြည်သူ ၇၀၀၀ ကျော် ဧပြီလ ၂၃ ရက်နေ့မှစကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်သည်။
“ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ရွာကလူတွေက ဘေးလွတ်ရာကို ရှောင်ကြတယ်၊ အများစုကတော့ တောထဲ တောင်ထဲမှာ တိမ်းရှောင်နေကြတာပေါ့။ တောမှာဆိုတော့ နေဖို့ထိုင်ဖို့က အခက်အခဲရှိတယ်။ ပြီးတော့ အခုဆိုရင် ရက်လဲ ကြာလာပြီး ပါလာတဲ့ ရိက္ခာတွေလဲ နည်းလာတယ်။ ရွာပြန်သယ်ဖို့ကလည်း အခြေအနေ မကောင်းတော့ မပြန်ရဲကြဘူး” ဟု တိမ်ရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။
ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ လေးကေစခန်း နှင့် ဝင်တာပန် စခန်းနှစ်ခုတို့မှ စစ်ကောင်စီတပ် ဖွဲ့ဝင်များ ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားရန် KNU လက်အောက်ခံ ကရင်အမျိုးသား ကာ ကွယ်ရေးအဖွဲ့ KNDO တပ်ရင်း ၂ က ထုတ်ပြန်ပြီးနောက် နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားလာခဲ့ခြင်း ဖြစ် သည်။
နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီဘက်က ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဧပြီလ ၂၃ ရက်နေ့က ဒေါဇံကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ်နှင့် အသက် ၆၆ နှစ်အရွယ် အမျိုး သမီးနှစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် နေအိမ် ၈ လုံးထက်မနည်းလည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ထို့အပြင် မေလ ၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က လေးကေကျေးရွာကို လေယာဥ်ဖြင့် နှစ်ကြိမ် လာ ရောက်ပစ်ခတ်ခဲ့သည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။
ထိုသို့ လေယာဥ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် လူနေအိမ် (၁၀) လုံးနှင့် သီလရှင်ကျောင်းဆောင် (၁) ဆောင် မီးလောင်ပျက်စီးခဲ့သည့်အပြင် နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။







