ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မူဆလင် ၅ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ၂ ရက်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြသည်ဟု ၎င်းတို့နှင့် နီးစပ်သူများက ပြောဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသည့် မူဆလင် ၅ ဦးမှာ စစ်တွေမြို့ မကျည်းမြိုင်ရပ်ကွက် အကွက် ၉ မှ ဦးနာဂူ(ခ)ဦးမောင်ဘ၊ သက္ကယ်ပြင်ကျေးရွာမှ ဦးအီးစူး(ခ)ဦးလှမြင့်နှင့် ဦးကျော်နု၊ ဘောဒူဖကျေးရွာမှ ဦးနူရ်ဟူးဆောင်း (၆၉)နှစ်၊ ဒါးပိုင်ကျေးရွာမှ ဦးဆော်လိမ်း(ခ)စောနီတို့ဖြစ်ကြသည်။
၄င်းတို့ကို မေလ ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်က စစ်သား ၃ ဦးနှင့် ရဲ ၂ ဦးက စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆိုသွားခြင်းဖြစ်သည်ဟု သက္ကပြင်ကျေးရွာတာဝန်ခံက နိရဥ္စရာကို ပြောသည်။
"သူတို့ကို တိုင်စာရောက်တယ်ဆိုပြီး စစ်သားနဲ့ရဲတွေက ဖမ်းသွားတာ။ သူတို့ပြောတာကတော့ မင်းတို့ကို လူကုန်ကူးမှုနဲ့ မူးယစ်ဆေးနဲ့ပတ်သက်ပြီး တိုင်ထားတဲ့လူရှိတယ်။ အဲ့ဒါကြောင့် စစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာပဲ။ အတိကျကိုတော့ ကျနော်သိပ်မသိဘူး။ သူတို့ကို စစ်တွေအမြောက်တပ်က ခေါ်သွားတယ်။ ခုလက်ရှိ သူတို့ဘယ်မှာရှိတယ်ဆိုတာ မသိရသေးဘူး"ဟု ပြောသည်။
၄င်းတို့သည် ကုန်သည်နှင့်အမဲသားရောင်းသူများဖြစ်ကြပြီး လိုင်စင်ပြဿနာနှင့် မူးယစ်ဆေးဝါးပြဿနာတို့ကြောင့်ဖြစ်သည်ဟု ကြားရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
တစ်ခြားတစ်ဖက်တွင် ရက္ခိုင့်တပ်တော်(ULA/AA)နှင့်ဆက်စပ်၍ ဖမ်းဆီးသွားသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုလျက်ရှိသော်လည်း နိရဥ္စရာသတင်းဌာနအနေဖြင့် မိသားစုနှင့် စစ်ကောင်စီ တာဝန်ရှိသူများကို ဆက်သွယ်၍ မရသေးသဖြင့် အတည်ပြုနိုင်ခြင်း မရှိပါ။
ဖမ်းဆီးရသည့်အကြောင်းအရင်းကို သိလို၍ ရခိုင်ပြည်နယ်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့အား ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါ။
ယခုကဲ့သို့ မည်သည့်အတွက်ကြောင့် ဖမ်းဆီးသည်ကို အတိအကျမသိရသဖြင့် ဒေသခံမူဆလင်များအကြားတွင် အလွန်တရာကြောက်လန့်လျက်ရှိသည်ဟု ဘုမေကျေးရွာမှ လူကြီးတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
"ကျနော်တို့ဆို အဲ့သတင်းကြားကတည်းက ကြောက်နေတယ်။ သူတို့ လာဖမ်းမှာကြောက်လို့။ မိသားစုဝင်တွေကလည်း အဆက်အသွယ် မရကြသေးလို့ စိတ်ထိခိုက်နေကြတယ်" ဟုပြောဆိုသည်။







