ဧပြီလအတွင်း အရပ်သားနေအိမ် ၃၅၀၀ ကျော် မီးရှို့ခံရ

ဧပြီလအတွင်း အရပ်သားနေအိမ် ၃၅၀၀ ကျော် မီးရှို့ခံရ
ခင်ဦးမြို့နယ် သတင်းနှင့်ပြန်ကြားရေး (၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က အင်းပတ်ကျေးရွာက နေအိမ်များ မီးရှို့ခံလိုက်ရသည့် ပုံ)
ခင်ဦးမြို့နယ် သတင်းနှင့်ပြန်ကြားရေး (၂၀၂၂ ခုနှစ် မေလ ၂ ရက်နေ့က အင်းပတ်ကျေးရွာက နေအိမ်များ မီးရှို့ခံလိုက်ရသည့် ပုံ)

မြန်မာနိုင်ငံတဝန်း ဧပြီလအတွင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများက အရပ် သားပြည်သူများ၏ နေအိမ် အလုံး ၃၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar အဖွဲ့က ထုတ်ပြန် လိုက်သည်။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင် လူနေအိမ် အလုံး ၂၅၀၀ ကျော် နှင့် မကွေး တိုင်းထဲတွင် အိမ်အလုံးရေ ၉၅၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။

မေလ ၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ကျေးရွာက လူနေအိမ်များကို စစ်ကောင်စီက မီးရှို့ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“ကျနော်တို့ရွာမှာက ဒီလပဲ ဒီမေလ ၂ ရက်နေ့မှာ စစ်တပ်ကဝင်လာပြီး မီးရှို့သွားတာဗျ။ ကားသုံးစီးနဲ့ လူက ၁၀၀ လောက်ရှိမယ်။ ဝင်လာပြီးတော့ စာသင်ကျောင်းနဲ့ ဆေးခန်းကို အရင်ဖျက်ဆီးတယ်။ ပြီးတော့မှ နေ့လည်လောက် မှာ အိမ်တွေကို မီးတင်ရှို့တာ။ စစ်သားတွေက ၁ ရက်နေ့ကတည်းက ရွာထဲရောက်လာတာဗျ။ ကျနော်တို့လည်း ကြောက်ပြီး အကုန်ထွက်ပြေးရတာ။ အခုထိ ရွာထဲ မပြန်ရဲကြသေးဘူး” ဟု မေလ ၃ ရက်နေ့တွင် ဒေသခံအမျိုး သားတစ်ဦး က ပြောသည်။

ထို့အပြင် မေလ ၁ ရက်နေ့က မကွေးတိုင်းအတွင်းရှိ မြိုင်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်က ပြည်သူများ၏ နေအိမ် အလုံး ၇၀ ကျော်ခန့်နှင့် ဘုန်းတော်ကြီးတို့ကို မီးတင်ရှို့ခဲ့သည်ဟု သိရသည်။

“မြိုင်က ရွာသစ်ရွာက ဘုန်းကြီးကျောင်းလည်းပါတယ်။ အိမ်တွေလည်း ၇၀ ကျော် မီးရှို့လိုက်တာ။ ရွာဦးကျောင်း ကဆို အထဲက ပစ္စည်းတွေကို အရင်ဖျက်ဆီးကြတာ။ ရေခဲသေတ္တာ၊ အသုံးအဆောင်ပစ္စည်း၊ အကုန်ပဲ ဖျက်ဆီးပစ် တာ။ အကုန်ဖျက်ဆီးပြီးတော့ ရွာထဲအိမ်တွေကိုပါ မီးရှို့တာဗျ။ ကျနော်တို့လည်း ဘာမှ မတတ်နိုင်ဘူး။ သူတို့ဝင် လာတာနဲ့ လွတ်ရာကို အရင်ဆုံးပြေးကြရတာပဲ” ရွာသစ်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ နိုင်ငံတဝှမ်းတွင် အရပ်သားပြည်သူများ၏ နေအိမ်ပေါင်း ၁၁၄၁၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်သည်ဟု သိရသည်။

ထိုစာရင်းသည် နေရာဒေသပေါင်း ၂၉၆ နေရာ ခန့်မှ အခြေအနေများကို ပြုစုထားခြင်း ဖြစ်သည်ဟု Data for Myanmar အဖွဲ့က ဆိုသည်။ ယခု Data for Myanmar အဖွဲ့ ထုတ်ပြန်ထားသည့်စာရင်းမှာ မေလအတွင်း မီးရှို့ ဖျက်ဆီးခံလိုက်ရသည့် နေအိမ် စာရင်းများ မပါသေးပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် အရပ်သားပြည်သူများ၏ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု များ ကို စစ်ကောင်စီတပ်က ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ လက်ချက်ဖြစ် သည်ဟု စွပ်စွဲပြောဆိုထားပြီး PDF အဖွဲ့များကလည်း ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ဘူးဟု ငြင်းဆိုထား ကြ သည်။

Data for Myanmar အဖွဲ့၏ ထုတ်ပြန်ထားသည့်စာရင်းများအရ စစ်ကိုင်းတိုင်းထဲတွင် နေအိပ်ပေါင်း ၇၅၀၃ လုံး၊ မကွေးတိုင်းထဲတွင် အိမ်အလုံးရေ ၂၁၃၁ လုံး၊ ချင်းပြည်နယ်ထဲတွင် ၁၁၇၄ လုံးနှင့် ကရင်နီ(ကယား)တွင် ၄၀၇ လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။

ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီ၊ ပဲခူး(အရှေ့)၊ ကရင်နှင့် ကချင်ပြည်နယ်ထဲက စစ် ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဆုံးရှုံးသွားနေသည့် နေအိမ်စာရင်းများကိုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းများသည် စစ်တပ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အခြေအနေများကို ဖော်ပြထားခြင်း ဖြစ်သည်။

သို့သော်မြေပြင်တွင် ၎င်းတို့ ထုတ်ပြန်ထားသည့် အရေအတွက်ထက်လည်း များနိုင်သည်ဟု ဆိုသည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...