မင်းပြားမြို့နယ်တွင် ဗုဒ္ဓဘာသာဘုရားပွဲကို မွတ်ဆလင်များနှင့်ပူးပေါင်းကာ စည်ကားသိုက်မြိုက်စွာကျင်းပနေ

မင်းပြားမြို့နယ်တွင် ဗုဒ္ဓဘာသာဘုရားပွဲကို မွတ်ဆလင်များနှင့်ပူးပေါင်းကာ စည်ကားသိုက်မြိုက်စွာကျင်းပနေ

မင်းပြားမြို့နယ်၊ ကံဖေတိုက်နယ်အတွင်းရှိ ပေါ်တော်မူဘုရားပေါင်းဘုရားပွဲကို (မေလ ၂ ရက်နေ့မှ) စတင်ကာ (မေလ ၅ ရက်နေ့)အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပလျှက်ရှိသည်။

အဆိုပါဘုရားပွဲကို ကံဖေတိုက်နယ်အတွင်းမှ သံဃာတော်များ၊ ဂေါပကများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဦးဆောင်ကာ ဘုရားအနေကဇာတင်ပွဲ၊ ဆီးမီးတစ်ထောင်၊ပန်းတစ်ထောင် ပူဇော်ပွဲ၊ သစ်သီးဆွမ်းကပ်လှူပွဲ၊ သင်းပုန်းဆွမ်းကပ်လှူပွဲ၊ ရတုကဗျာရွတ်ဖတ်ပူဇော်ပွဲတို့ကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ကံဖေဘုရားပွဲကို ယခင်ဘိုးဘွားစဉ်ဆက်ခေတ်ကတည်းကပင် အနီးအနားကျေးရွာမှ မွတ်ဆလင်များနှင့် ပူးပေါင်းကာ နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း  ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ ရခိုင်နှင့် မွတ်ဆလင်တို့ ပဋိပက္ခဖြစ်ပွားပြီးနောက်တွင် မွတ်ဆလင်များနှင့်ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဟု ဂေါပကအဖွဲ့ထံမှ သိရသည်။

သို့သော်လည်း အရေးအခင်းနောက်ပိုင်း (၂၀၁၃)ခုနှစ်ကမူ ရိုးရာအစဉ်အလာမပျက်စေရန်အတွက် တိုက်နယ်အတွင်းရှိ မွတ်ဆလင်များမပါဘဲ ရခိုင်ကျေးရွာသူ၊ကျေးရွာသားများက ဦးဆောင်ကာ ဘုရားပွဲကို တစ်ကြိမ်ကျင်းပခဲ့ကြောင်းလည်း သိရသည်။

ယင်းနောက်ပိုင်းတွင် ငွေကြေးအခက်အခဲများကြောင့် ဆက်လက်မကျင်းပနိုင်တော့ဘဲ ယခုနှစ်တွင်မှ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း ပေါ်တော်မူဘုရားပေါင်း ဂေါပကဥက္ကဋ္ဌ ဦးစံထွန်းလှကပြောသည်။

“အရေးအခင်းဖြစ်ပြီးကတည်းက ရန်ပုံငွေအလုံအလောက်မရှိတာတွေကြောင့် ပွဲကိုဆက်တိုက် မကျင်းပနိုင်ခဲ့ဘူး။ မွတ်ဆလင်တွေမပါလို့ မကျင်းပနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မွတ်ဆလင်တွေနဲ့က အရင်ကတည်းကပူးပေါင်းပြီး ပွဲချလာတာဆိုတော့ အခုကျနော်တို့ပွဲချနိုင်တဲ့အချိန်မှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုးကြား ချစ်ကြည်ရေးအနေနဲ့ သူတို့ကိုအကြောင်းကြားခဲ့တယ်။ သူတို့ဖက်ကလည်း ပူးပေါင်းပါဝင်မယ်ဆိုပြီး ပြန်အကြောင်းကြားလာတယ်။ အလှူငွေတွေထည့်ပေးတယ်”ဟု ၎င်းကပြောသည်။

အဆိုပါဘုရားပွဲတွင် ရခိုင်ရိုးရာကျင်ပွဲများအပြင် မွတ်ဆလင်များအတွက် ကျင်ပွဲများကိုလည်းထည့်သွင်းကာ ယခင်ကတည်းကကျင်းပလာခြင်းဖြစ်သောကြောင့် ယခုနှစ်တွင်လည်း မွတ်ဆလင်များအတွက် ကျင်ပွဲကို ထည့်သွင်းကျင်းပထားသည်ဟု ၎င်းကဆက်ပြောသည်။

“မွတ်ဆလင်ကျင်ပွဲအတွက် ရွှေမောင်း၊ငွေမောင်းကို မွတ်ဆလင်တွေက စရိတ်ခံတယ်။ ရခိုင်ကျင်ပွဲအတွက် ရခိုင်တွေကပေးတယ်။ ကျင်ပွဲအတွက် မင်းပြားကရွှေသွားဝယ်တဲ့အခါလည်း အတူတူသွားဝယ်ကြတာ။ မနေ့ကတော့ ကွင်းဖွင့်တဲ့အနေနဲ့ ကျင်ပွဲကိုခဏလေးစလိုက်တယ်။ ဒီနေ့မှ ပြိုင်ကြမှာ။ မနက်ဖန်ဆိုရင် အနိုင်ရသူတွေကို ရွှေမောင်း၊ငွေမောင်းပေးမယ်”ဟု ဦးစံလှထွန်းကဆိုသည်။

ကံဖေတိုက်နယ်တွင် ရခိုင်ကျေးရွာ(၁၄)ရွာနှင့် မွတ်ဆလင်ကျေးရွာ(၄)ရွာရှိပြီး ယခုပွဲကို တိုက်နယ်တစ်ခုလုံးရှိ ဒေသခံများပူးပေါင်းကာ ကျင်းပနေခြင်းဖြစ်သည်။

ရခိုင်ပြည်တွင် ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ဘာသာရေးပဋိပက္ခကြောင့် ရခိုင်နှင့် မွတ်ဆလင်များကြားတွင် ဆက်ဆံရေးပြတ်တောက်သွားပြီးနောက် ၂၀၁၉ ခုနှစ်ကပင်စကာ ဆက်ဆံရေး ပြန်လည်အဆင်ပြေလာပြီး ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကပင် ရခိုင်နှင့်မွတ်ဆလင်များကြားတွင် ချစ်ကြည်ရင်းနှီးမှုများရှိလာကာ တစ်ရွာနှင့်တစ်ရွာသွားလာမှု၊ ပြောဆိုဆက်ဆံမှု၊ အလုပ်အကိုင်များ ပူးပေါင်းဆောင်ရွက်မှု၊ လူမှုရေး၊ ဘာသာရေးကိစ္စများတွင် ပူးပေါင်းပါဝင်မှုများလည်း ရှိလာနေသည်။

Most read this week

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...