မွန်ညီလာခံတွင် မွန်ပြည်နယ် ဖွဲ့စည်းပုံကို ဆွေးနွေးမည်

မွန်ညီလာခံတွင် မွန်ပြည်နယ် ဖွဲ့စည်းပုံကို ဆွေးနွေးမည်

အနာဂတ်မွန်ပြည်နယ်ကို မည်သို့ ဖွဲ့စည်းတည်ဆောက်မည်ကို ဆွေးနွေးသည့် မွန်ညီလာခံကို မေလ ၂ ရက်နေ့တွင် စတင် ကျင်းပလျက်ရှိသည်။

မွန် ပြည်သစ်ပါတီ က ဦးဆောင်လျက် မေလ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိ ၄ ရက်တိုင် ကျင်းပမည့် မွန်အမျိုးသားညီလာခံကို မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာနတွင် ကျင်းပနေခြင်း ဖြစ်သည်။

“ပြည်နယ် ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး အခုဆိုရင် တိုင်းရင်းသားအများစုတွေမှာ ရေးဆွဲထားတာရှိ တယ်။ တချို့ကလည်း လူထုရဲ့ဆန္ဒနဲ့ အတည်ပြုထားတာလဲရှိတယ်။ ကျနော်တို့ မွန်မှာလည်း ရာမညမွန်ပြည် နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိပြီးသားပါ။ ဒီမူကြမ်းအပေါ်မှာရော ပကတိဖြစ်ပေါ်နေတဲ့ ကနေ့ အခြေ အနေမှာရော ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်နဲ့ ကိုက်ညီတဲ့ ကိုယ့်ပြည်နယ်ကို ဘယ်လိုဖွဲ့စည်း တည်ဆောက် ကြ မလဲ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေ ချမှတ်သွားဖို့ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်က ပြောသည်။

အဆိုပါ ညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနှင့် ဖက်ဒရယ် ပြည်ထောင်စု အခြေခံမူနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး အကောင်အထည်ဖော်သွားရန်ရှိသည် ဟု မွန်ပြည်သစ်ပါတီ က ထုတ်ပြန်ထားသည်။

ထို့အပြင် မွန်အမျိုးသားရေးနှင့် ပတ်သက်၍ ကဏ္ဍစုံ ချမှတ်ထားသည့် လုပ်ငန်းစဥ်များကိုလည်း ညီလာခံတွင်  ချပြသွားရန် စီစဉ်ထားသည်ဟု မွန်ပြည်သစ်ပါတီက ပြောဆိုထားသည်။

မွန်အမျိုးသား ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းအသီးသီး မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများ လေ့လာ သူများ စုစုပေါင်း ၂၅၀ ကျော် တက်ရောက်နေသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသား ညီလာခံကို ၂၀၁၆ ခုနှစ်က မွန်ပြည်သစ် ပါတီ ထိန်းချုပ်နယ်မြေ တစ်ခုဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ပေါလောကုန်း ကျေးရွာတွင် ကျင်းပခဲ့သည်။

July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...
July 20, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့အနီးတစ်ဝိုက်ကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ ကျော်...
July 18, 2026
စစ်အုပ်စုက မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည်...