ခွန်ထွန်းဦး ကွယ်လွန်

ခွန်ထွန်းဦး ကွယ်လွန်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ (ခေါ်) ကျားခေါင်းပါတီ ၏ ဥက္ကဋ္ဌဟောင်း အသက် ၇၉ နှစ်ရှိပြီဖြစ်သည့် ခွန်ထွန်းဦးသည် ဧပြီ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ သူ၏ နေအိမ်တွင်ပင် ကွယ်လွန်သွားပြီး ကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေးလောကတွင် ထင်ရှားသည့် ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်ထွန်းဦးသည် ရန် ကုန်မြို့၊ ၉ မိုင်က ၎င်း၏နေအိမ်တွင်ပင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်း ဖြစ်သည်။

“စကစ အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေ မကောင်းလို့ ဆေးရုံ နှစ်ခါ တက်ရောက် ကုသရ တယ်။ လွန်ခဲ့တဲ့ အပတ်ကစလို့ အယ်ဇိုင်းမားဖြစ်နေတာ။ ဒီအပတ် တပတ်လုံးမှာတော့ နေပြန်ကောင်းနေပြီ။ ဒီနေ့မနက်တော့ အိပ်နေရင်နဲ့ပဲ နိုးမလာတော့ဘူး။ ကောင်းကောင်းမွန်မွန်ပဲ ကွယ်လွန်သွားပါတယ်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ခွန်ထွန်းဦး သည် စဝ်ကြာစုံ ၏ သားဖြစ်ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင် ၏ တူတော်စပ်သူ ဖြစ်သည်။

သူသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအား တည်ထောင်သူများထဲတွင် တစ်ဦး အပါအ ဝင်ဖြစ်ပြီး နှစ် ၃၀ ကျော်အကြာ ပါတီထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရှမ်းနိုင်ငံရေးအသိုင်းအဝန်းတွင် ငယ်စဉ်မှစ ကွယ်လွန်သည့် အချိန်ထိ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ထို့အပြင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)နှင့် စည်းလုံးညီညွတ်သော တိုင်းရင်း သားလူမျိုးများ မဟာမိတ် (UNA) တို့တွင်လည်း နာယကအဖြစ် တာဝန်ယူခဲ့သေးသည်။

အလားတူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အပါ အဝင် ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီများနှင့် စုပေါင်း၍ ရွေးကောက်ပွဲရလဒ် အကောင်အထည် ဖော် ရန် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ကို ဖွဲ့စည်းရာတွင်လည်း ဦးဆောင်သူ တစ်ဦးအနေဖြင့် တက်ကြွစွာ ပါဝင်ခဲ့သည်။

၎င်း ကွယ်လွန်သွားခြင်းသည် ရှမ်းတိုင်းရင်းသားများအတွက်သာမက ရှမ်းပြည်နယ်အတွင်းက အခြားသော တိုင်းရင်းသားမျိုးနွယ်စုများနှင့် မြန်မာ့နိုင်ငံရေးလောကအတွက် အစားမရသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟု SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူးက ပြောသည်။

ခွန်ထွန်းဦး၏ ဖခင်မှာ စဝ်ကြာဇုံဖြစ်ပြီး ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့ တွင် မွေးဖွားခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝေဝေလွင် နှင့် သားသမီး ၂ ဦး ကျန်ရစ်ခဲ့သည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...