ရခိုင်တွင်တည်ဆောက်ဆဲ တံတားကြီး ၉ စင်းကို ယခုနှစ်အတွင်း အပြီးဆောက်ရန်လျာထား

ရခိုင်တွင်တည်ဆောက်ဆဲ တံတားကြီး ၉ စင်းကို ယခုနှစ်အတွင်း အပြီးဆောက်ရန်လျာထား
ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားအသစ် ဆောက်လုပ်နေသည့် မြင်ကွင်း။
ကျောက်တော်မြို့နယ်၊ ယိုးချောင်းတံတားအသစ် ဆောက်လုပ်နေသည့် မြင်ကွင်း။

ရခိုင်ပြည်နယ်အတွင်းက စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မောင်တော၊ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် တည်ဆောက်နေသော (ပေ ၂၈၀ မှ ပေ ၃၀၀ အထက်)အရှည်ရှိသည့် တံတားကြီး(၉)စင်းကို ယခု ၂၀၂၂ နှစ်ဝက် မီနီဘတ်ဂျက်ငွေဖြင့် ပြီးစီးအောင်ဆောက်ရန်လျာထားကြောင်း ပြည်နယ်ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ လျာထားသည့်တံတားများမှာ မြောက်ဦးမှ မြောင်းဘွေတံတား၊ ကျောက်တော်မှ ယိုးချောင်းတံတား၊ မြေပုံမှ ပြွန်ရှည်တံတား၊ မောင်တောမှ ကြိမ်ချောင်း-ဂုပ္ပီလမ်းရှိ တံတားအမှတ်(၈)၊ ပေါက်တောမှ ငပြီကြီးတံတား၊ ရသေ့တောင်လမ်းရှိ ကာမေချောင်းတံတား၊ စစ်တွေမှ ဝါဘိုချောင်းကူးတံတား၊ ပေါက်တောမှ လက်ပံပြားလမ်းရှိ ဘောဒါချောင်းတံတားနှင့်နှင့် ပုဏ္ဏားကျွန်းမှ တန်းခိုးတံတားတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားများကို အကြမ်းအားဖြင့် ကျပ်သန်းခုနှစ်ထောင်ကျော် အကုန်ကျခံပြီးဆောက်လုပ်နေခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းခိုင်က DMG သို့ ပြောသည်။

“မနှစ်က အပြီးသတ်ဖို့ကျန်ခဲ့တဲ့ မြောင်းဘွေတံတားကို အခုအပြီးဆောက်လုပ်နေတယ်။ ဒီနှစ်ဘတ်ဂျတ်နဲ့  ဘေလီတံတားဖြစ်တဲ့ ပြွန်ရှည်တံတား၊ မောင်တောခရိုင်ဘက်ကတစ်စင်းနဲ့ ကာမေချောင်းတံတားတို့ဆို ဒီနှစ်အပြီး ဆောက်လုပ်သွားမယ်”ဟု ဦးမင်းခိုင်ကဆိုသည်။

ယခုဆောက်လုပ်နေသည့် တံတား(၉)စင်းထဲတွင် ယခင်နှစ်က ဆောက်လုပ်မပြီးစီးခဲ့သော မြောင်းဘွေတံတား တစ်စင်းပါရှိပြီး ယခုနှစ်တွင် တံတားအသစ်(၈)စင်းဆောက်လုပ်နေကာ ဆက်လက်ပြီး မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမှ တံတား(၂)စင်းကိုလည်း ထပ်မံဆောက်လုပ်ရန်လျာထားကြောင်းလည်း သိရသည်။

“နောက်ထပ်မြောက်ဦးနားက ကလကတံတားနဲ့ အိုင်ဒင်က တံတားတစ်စင်းကို လျာထားတယ်။ ဒါပေမယ့် ကျနော်တို့က ကွင်းဆင်းပြီးသွားကြည့်ရဦးမှာ၊ တကယ်လို့ ကွင်းဆင်းပြီးလေ့လာလို့ ပေ ၃၀၀ နဲ့မရရင် ပြန်ပြင်တင်ပြရတာတွေလည်း ရှိဦးမှာဖြစ်တယ်”ဟု ဦးမင်းခိုင်က ရှင်းပြသည်။

ယခုနှစ် ခြောက်လစာမီနီဘတ်ဂျတ်ဖြင့် မြောင်းဘွေတံတားအတွက် ကျပ်သန်း ၁၅၄၅၊ ယိုးချောင်း တံတားအတွက် ကျပ်သန်း ၁၀၀၀၊ ပြွန်ရှည်တံတားအတွက် ကျပ်သန်း ၄၅၂ ၊ တံတားအမှတ်(၈)အတွက် ကျပ်သန်း ၄၀၀ ကျပ်သန်း၊ ငပြီကြီးချောင်းတံတားအတွက် ကျပ်သန်း ၅၀ ၊ ကာမေချောင်းတံတားအတွက် ကျပ်သန်း ၅၀ ၊ ဝါဘိုချောင်းကူးတံတားအတွက် ကျပ်သန်း ၁၀၀ ၊ ဘော်ဒါချောင်းတံတားအတွက် ကျပ်သန်း ၁၀၀ ၊ တန်ခိုးတံတားအတွက် ကျပ်သန်း ၁၀၀ တို့ကို ပြည်ထောင်စု၊ ပြည်နယ်နှင့် ကျေးလက်ရန်ပုံငွေတို့မှ အသုံးပြုသွားမည်ဖြစ်ကြောင်းလည်း ပြည်နယ်လမ်းတံတားဦးစီးဌာန၏ စာရင်းဇယားများအရ သိရသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ခုနှစ်က လမ်းတံတားလုပ်ငန်းဆောင်ရွက်ရန် ပြည်ထောင်စု ရန်ပုံငွေနှင့် ပြည်နယ်ရန်ပုံငွေ စုစုပေါင်း ၇၅၂၅၅ ဒဿမ ၃၄၁ ကျပ်သန်း သုံးစွဲခဲ့ကြောင်းလည်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှ သိရသည်။

Most read this week

စစ်တပ်၏ စစ်ရေးပြအခမ်းအနားတစ်ခုတွင် ဂျက်တိုက်လေယာဉ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ - AFP)
August 3, 2026
ဝိုင်းပတ်ပိတ်ဆို့ ခံထားရသည့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာစခန်း အနီးတစ်ဝိုက်...
August 3, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ...
ဓာတ်ပုံ - သရုပ်ဖော်ပုံ
August 1, 2026
ULA/AA ထိန်းချုပ်ဒေသများတွင် ဖြစ်ပွားခဲ့သော အဓမ္မပြုကျင့်ခံရမှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ...
July 31, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား ယခုရက်ပိုင်းအတွင်း...