မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်အား ကန့်ကွက်သည့်အဆို လွှတ်တော်အတည်ပြု

မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်အား ကန့်ကွက်သည့်အဆို လွှတ်တော်အတည်ပြု
by -
မဇ္ဈိမ
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇူလိုင် ၂၁ရက်က ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာ ကန့်ကွက်သည့်အဆိုအား ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်သည်။

ယမန်နေ့က အိမ်မဲမြို့နယ်မှ ဒေါ်သန္တာတင်သွင်းသည့် အရေးကြီးအဆိုအား လွှတ်တော်အမတ် ၁၃ဦးက ဆွေးနွေးပြီး နိုင်ငံခြားရေးဒုဝန်ကြီးက လာရောက်ရှင်းလင်းပြီးနောက် လွှတ်တော်၏ သဘောထားရယူရာတွင် ကန့်ကွက်သူမရှိသည့်အတွက် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

“လွှတ်တော်ကြီးကနေ တခဲနက် အတည်ပြုလိုက်တဲ့ ဒီအရေးကြီးအဆိုကို အလေးအနက်ထားဖို့တော့ လိုတယ်။ ပြန်လည်ပြီးတော့ သူ့(မစ္စယန်ဟီးလီ)ရဲ့ ပြောကြားချက်တွေနဲ့ပတ်သက်ပြီး သုံးသပ်ဖို့ လိုလိမ့်မယ်။ အထူးအစီရင်ခံစာတင်သွင်းသူရဲ့ တာဝန်ထဲမှာလည်း ပါပါတယ်။ ပြည်တွင်းကနေ တင်ပြချက်တွေကို မျှခြေရှိအောင် ထည့်တွက်ပြီးတော့ ဖော်ဆောင်ရမယ်လို့ ပြဌာန်းချက်လည်း ရှိပါတယ်” ဟု အဆိုအား ထောက်ခံဆွေးနွေးသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးပြံုးချိုက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောကြားသည်။

လာမည့် အောက်တိုဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂညီလာခံတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းမည့် မစ္စယန်ဟီးလီက သူမ၏ ၁၂ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင် သူမနှင့် တွေ့ဆုံခဲ့သူများသည် တာဝန်ရှိသူများကို ကြောက်လှန့်နေမှုများရှိနေသလို သူမ၏ ခရီးစဉ်တွင် ကန့်သတ်ချက်များလည်း ရှိခဲ့သည်ဟု ဆိုထားသည်။

ခရီးစဉ်အတွင်း ကန့်သတ်ချက်များရှိနေခြင်းကြောင့် ကျေနပ်အားရမှုမရှိဘဲ စိတ်ပျက်ခဲ့ရသည်ဟု ခရီးစဉ်အပြီး ရန်ကုန်မြို့တွင် ဇူလိုင် ၂၁ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စယန်ဟီးလီက ပြောသည်။ ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသအချို့ကို အစိုးရက လုံခြံုရေးအကြောင်းပြပြီး သွားခွင့်မပြုခဲ့ကြောင်းလည်း သူမ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မစ္စယန်ဟီးလီ၏ မြေပြင်ကွင်းဆင်း ခရီးစဉ်များတွင် အမှန်တရားကို ထင်သာမြင်သာရှိစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သော်လည်း ခရီးစဉ်အပြီး ထုတ်ပြန်ချက်တွင်မူ အမှန်တရားကို မျက်ကွယ်ပြုကာ တဖက်သတ် ထုတ်ပြန်ခဲ့သည်ဟု တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးမြင့်မောင်က လွှတ်တော်တွင် ဆွေးနွေးသည်။

မစ္စယန်ဟီးလီ၏ ထုတ်ပြန်ပြောဆိုချက်များသည် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုများ ရှိနေသည်ဟု အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးကြသည့် လွှတ်တော်အမတ်များက ပြောဆိုကြသည်။

“မြေပြင်မှာ တကယ့်ဖြစ်ပျက်နေတဲ့ အခြေအနေကို ထည့်သွင်းဖို့လိုတယ်။ လာမယ့် အောက်တိုဘာ UN ညီလာခံမှာ သူ(မစ္စယန်ဟီးလီ)တင်မယ့် အစီရင်ခံစာမှာ လက်ရှိမြေပြင်အခြေအနေနဲ့ မှန်မှန်ကန်ကန် တင်နိုင်မှသာလျှင် နိုင်ငံတကာက ကျွန်မတို့နိုင်ငံကို ကူညီတဲ့နေရာမှာ နည်းမှန်၊ လမ်းမှန်နဲ့ ကူညီနိုင်မှာ” ဟု NLD ပါတီမှ တောင်ကုတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်နီနီမေမြင့်က ပြောသည်။

အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးသူတစ်ဦးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးမောင်မြင့်ကမူ လွှတ်တော်တွင် ဆွေးနွေးရုံဖြင့် ရပ်မနေဘဲ အစိုးရအနေဖြင့် သံတမန်မျက်နှာစာကနေပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် တိုက်တွန်းလိုက်သေးသည်။

မြန်မာနိုင်ငံသို့ ခြောက်ကြိမ်မြောက် ရောက်ရှိသည့် မစ္စယန်ဟီးလီသည် မည်သည့်အကြိမ်ကမျှ ကောင်းမွန်သည့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းမရှိဟု အတိုက်အခံအမတ် ဦးမောင်မြင့်က ဆိုသည်။

“ဒါ့ကြောင့်လည်း ဘုန်းတော်ကြီး(ဦးဝီရသူ)တစ်ပါးက ပြင်းထန်တဲ့ မျိုးချစ်စိတ်နဲ့ မချိတင်ကဲဖြစ်ပြီး သူမ(မစ္စယန်ဟီးလီ)ကို စကားလုံးကြမ်းကြမ်းနဲ့ ပြောခဲ့ဖူးပါတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဖြစ်သူ ဦးကျော်တင်ကလည်း အရေးကြီးအဆိုနှင့်ပတ်သက်ပြီး လာရောက် ရှင်းလင်းရာတွင် မစ္စယန်ဟီးလီ၏ အစီရင်ခံစာ အများစုသည် “အပြုသဘောမဆောင်ဘဲ တစ်ဖက်စောင်းနင်းဖြစ်နေတာကို တွေ့ရပါတယ်” ဟု ဝေဖန်ပြောဆိုခဲ့သည်။

မစ္စယန်ဟီးလီသည် ဇူလိုင် ၁၀ရက်ကစပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သူမ၏ ၁၂ရက်ကြာ ခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။

March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...
မြဝတီမြို့နယ်၌ ယနေ့ (မတ်လ ၆ ရက်) က စက်သုံးဆီဖြည့်ရန် စောင့်ဆိုင်းနေသူများအားတွေ့ရစဉ်။
March 6, 2026
စက်သုံးဆီ ရက် ၄၀ စာ အလုံအလောက်ရှိနေပြီး အရန်ဆီများလည်း လုံလောက်ကြောင်း စစ်ကော်မရှင်က မတ်လ ၄...
March 5, 2026
မြန်မာတွင် အရန်စက်သုံးဆီ နောက်ထပ် ရက် ၄၀ စာရှိသည့်အပြင် ထပ်မံ ဝယ်ယူထားခြင်းများလည်း ရှိသည့်အတွက်...