သံဖြူဇရပ်မြို့နယ် မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းထား

သံဖြူဇရပ်မြို့နယ် မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းထား
ရာမည (ကြယ်နီ) – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ ပငကျေးရွာ မြေယာပြဿနာတွင် ပါဝင်သည်ဟု ယူဆရသော မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူးအပါအဝင် ဝန်ထမ်းအချို့နှင့် ပငကျေးရွာသား ၂ ဦးတို့အား သံဖြူဇရပ်မြို့မ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

၄င်းတို့ကို လိမ်လည်မှု ပုဒ်မ ၄၂၀၊ စာရွက်စာတမ်း အတုပြုလုပ်မှု ပုဒ်မ ၄၆၈၊ အတုမှန်း သိလျက်နှင့် ဆက်လက်အသုံးပြုမှု ပုဒ်မ ၄၇၁ နှင့် အားပေးကူညီမှုပုဒ်မ ၁၀၉ တို့ဖြင့် လွန်ခဲ့သည့် မေလလကုန်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သံဖြူဇရပ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူက “သူတို့ကို သံဖြူဇရပ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာမှန်တယ်၊ ဒါပေမဲ့ ဖြစ်စဉ် အကြောင်းအရင်းကိုတော့ ကျနော်တို့ အကုန်လုံးမသိဘူး၊ အထူးစုံစမ်းစစ်ဆေးရေးဌာန စသုံးလုံး BSI က ဖွင့်တဲ့အမှုပါ” ဟု ပြောသည်။

၄င်းမြေစာရင်းကိစ္စအမှု တစုံတရာမပြီးမချင်း ဆက်လက်ထိန်းသိမ်းထားရှိမည် ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းဉာဏ်က “မြေစာရင်းဌာနက လူတွေကိုတော့ ပုဒ်မ (၁၀၉) အားပေးကူညှီမှုနဲ့ ဖမ်းထားတယ်၊ အဖြစ်အပျက်အခြေအနေတွေကိုတော့ ကျနော်တို့ထုချေနေတာ မပြီးသေးတဲ့အတွက်ဘာမှ ပြောလို့မရသေးပါဘူး၊ အာမခံမရသေးလို့ အခုထိ ထိန်းသိမ်းခံထားပါ” ဟု ပြောသည်။

သို့သော်လည်း လက်ရှိတွင် မြေတိုင်းစာရေးတစ်ဦး ထွက်ပြေးတိမ်းရှောင်နေကြောင်း ဦးသိန်းဉာဏ်က ဆက်ပြောသည်။

ပငကျေးရွာ ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ”ပငရွာဖြစ်ပေါ်ခဲ့တဲ့ မြေယာမသမာမှုလို့သိရတယ်၊ နိုင်ငံတော်သမ္မတရုံးက ဒီအမှုကိုင်တွယ်နေပြီး စသုံးလုံးက ကိုင်တွယ်တဲ့အမှုဖြစ်တယ်” ဟု ပြောသည်။

လက်ရှိအစိုးရသက်တမ်းတွင် ပငကျေးရွာ၌ ပထမဆုံး အရေးယူဖေါ်ထုတ်သည့် မြေယာမသမာမှုဖြစ်သည်ဟု သိရသည်။

Most read this week

ပုံ-CJ (ပုံဟောင်း)
June 15, 2026
ကရင်ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း၌ ပစ်ခတ်မှုဖြစ်ပြီးနောက်...
June 13, 2026
စစ်အုပ်စုက ရက် ၁၀၀ စီမံကိန်းအဖြစ် ကြေညာခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇွန်လ ၁၀ ရက်နေ့အတွင်း စစ်တပ်၏...
June 12, 2026
မွန်ပြည်နယ်တွင် အသက် ၁၅ နှစ်အောက်ကလေးများ သွေးလွန်တုပ်ကွေး စတင်ဖြစ်ပွားနေပြီးဖြစ်သဖြင့်...
June 11, 2026
မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာ မူလတန်းအဆင့်တွင် မွန်တိုင်းရင်းသားစာပေကို Grade 5 အထိ...