ယိုးဒယား ကုန်ပစ္စည်းများ ဈေးတက်

ယိုးဒယား ကုန်ပစ္စည်းများ ဈေးတက်

မွန်ပြည်နယ်အတွင်းသို့ ဝင်ရောက်နေသော ယိုးဒယားကုန်ပစ္စည်းများ သင်္ကြန်ပြီးနောက်ပိုင်း ဈေးနှစ်ဆ မြင့်တက်လာခဲ့ကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခ စရိတ် ယခင်ထက် ပိုကုန်ကျလာခြင်းများကြောင့် ဈေးတက်လာခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင် ဈေးကြိုရပ်ကွက်မှ ဆန်၊ ဆီနှင့် စားသောက်ကုန် လက်လီလက္ကားရောင်းချနေသူ တစ်ဦးက ပြောသည်။

"အခုက ကားခတွေက ပိုကြီးတယ်။ ဆီဈေးတက်တာရော သယ်ဆောင်ခတွေရော အကုန်တတ်ကုန်တာ။ အဲတော့ ကုန်ကျစရိတ်တွက်ပြီး အတက်ဈေးနဲ့ ရောင်းရတာပေါ့။ အာရှလမ်းမှာ သွားလာရ ခက်တော့ ဈေးတွေက တက်နေတာ သင်္ကြန်ပြီးတော့ ပိုဆိုးသွားတယ်"ဟု ၎င်းက ပြောသည်။

ယိုးဒယားမှ ဝင်သော ဆီ၊ ဟင်းခတ်အမွှေးကြိုင်၊ ကော်ဖီမစ် အပါအဝင် စားသောက်ကုန် ပစ္စည်းများ ယခင်ဈေးထင် ၁၅၀၀ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ကြောင်း ဆက်ပြောသည်။

ဆီတစ်လီတာ ၁ဗူး ၁၂၀၀ ကျပ်မှ ၂၆၀၀ကျပ်၊ ယိုးဒယားကြက်သားမှုန့် တစ်ထုတ် ၈၀၀ ကျပ် မှ ၁၆၀၀ကျပ်၊ ကြာဇံ တစ်ထုတ် ၂၅၀ ကျပ်မှ ၅၀၀ကျပ်၊ ခေါက်ဆွဲတစ်ထုတ် ၂၀၀ ကျပ်မှ ၃၈၀ကျပ် ဈေးတက်လာခဲ့ကြောင်း သိရသည်။

ယိုးဒယားကုန်ပစ္စည်းတွေကို သိုလှောင်ထားတာကြောင့် ဈေးကွက်အတွင်း ကုန်ပစ္စည်း ပြတ်လပ်မှု မရှိနိုင်‌သော်လည်း ဈေးပြန်လည်ကျဆင်းနိုင်မည် မဟုတ်ကြောင်း စားသောက်ကုန် လက်လီလက္ကားရာင်းဝယ်နေသူ တစ်ဦးက ပြောသည်။

"ပစ္စည်းတွေ ပျက်မယ်ဆိုပြီး ပြောနေတာတွေရှိတယ်။ ယိုးဒယား‌ပစ္စည်းတွေက ပြတ်ဖို့တော့ မရှိဘူး။ ဈေးပဲ တက်လာတယ်။ဈေးတွေကျဖို့တော့ မရှိသေးဘူး။ အရင်လို လမ်းခရီးအဆင်ပြေရင်တော့ ပြန်ကျနိုင်တယ်"ဟု ၎င်းက ပြောသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာသောကြောင့် ဝယ်ယူသူ နှင့် ရောင်းချသူကြား အဆင်ပြေစေရန် ဈေးညှိကာ ရောင်းပေးနေကြောင်း ဆက်ပြောသည်။

မွန်ပြည်နယ်အတွင်းသို့ မြဝတီနယ်စပ်မှ တစ်ဆင့် ထိုင်းကုန်ပစ္စည်းများ ဖြစ်သော အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အလှကုန်၊ လူသုံးကုန် ပစ္စည်းများ အဓိကထား တင်သွင်းနေကြောင်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် စစ်တပ်နှင့် KNLA ၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ခရီးသည်တင်ကားများ၊ အရပ်သားကားများ၊ ကုန်တင်မော်တော်ယာဉ်များ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံး ခြင်း၊ မီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

ထို့နောက် အာရှလမ်းမကြီးပေါ်တွင် သွားလာ ပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်များ၊ အရပ်သား ကားများ၊ ကုန်တင်မော်တော် ယာဉ်များအား အကြောင်းမဲ့နှောင့်ယှက်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ မပြုလုပ်ရန် KNLA တပ်မဟာ၊ တပ်ရင်းများသို့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ဧပြီ ၂၃ ရက်နေ့က ညွှန်ကြားချက်ပေးပို့ခဲ့သည်။

Most read this week

December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...