ကျားဖြန့်လုပ်ငန်းများ နယ်စပ်မှ ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့နေဟု KNU ပြော

ကျားဖြန့်လုပ်ငန်းများ နယ်စပ်မှ ကုန်းတွင်းပိုင်းသို့ ပြောင်းရွှေ့နေဟု KNU ပြော

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်တစ်ကြောတွင် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများမှာ နယ်စပ် စည်းမျဉ်းနှင့် ဝေးရာ ကုန်းတွင်းပိုင်းဒေသများသို့ ပြောင်းရွှေ့နေကြကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက IMNA သို့ ပြောသည်။

အွန်လိုင်းငွေလိမ် လုပ်ငန်းများသည် ထိုင်းနိုင်ငံဘက်ခြမ်းမှ လှမ်းကြည့်လျှင်ပင် မြင်ရသည့် အထပ်မြင့် အဆောက်အအုံများကို စွန့်ခွာ၍ အသွင်အမျိုးမျိုးပြောင်းကာ မြို့ကြီးပြကြီးများဆီသို့ပင် ပြောင်းရွှေ့သွားပြီ ဖြစ်ကြောင်း ဆိုသည်။

KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “နယ်စပ်ဘက်ကနေ အတွင်းပိုင်းကို ပိုပြီးတော့မှ ဝင်ရောက် သွားတယ်ဆိုတာ မှန်ပါတယ်။ စောနက ကျနော်ပြောသလိုပေါ့နော်။ ပုံစံအမျိုးမျိုးနဲ့ပေါ့နော် အသွင်ပြောင်း ပြီးတော့ သူတို့ စင်တာအနေနဲ့ မဖွင့်တော့ဘဲနဲ့ လုပ်ဆောင်တာမျိုးတွေလည်း ရှိတာပေါ့နော်။ အဆောက်အအုံ ငယ်လေးထဲမှာပေါ့။ တချို့ကလည်းပဲ ဟိုး မြို့ကြီး၊ ပြကြီးတွေမှာ တကယ့်ဟော်တယ်တွေမှာ တကယ့်ကြီးမား တဲ့ အဆောက်အအုံတွေထဲမှာ လုပ်ဆောင်နေတယ်ဆိုတာကလည်း အဲ့ဒါကတော့ ကျနော်တို့ သတင်းရတာပေါ့ နော်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဧရိယာပြင်ပဘက်က မြို့တွင်း၊ မြို့ကြီးတွေမှာ ဖြစ်တာပေါ့နော်” ဟု ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကပင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) လက်အောက်ခံ ကျောက်ခက်ဒေသမှ ကျားဖြန့်လုပ်ငန်းများကို ဆုံဆည်းမြိုင်၊ လှိုင်းဘွဲ့၊ ကျုံပိုင်အပါအဝင် ကရင်ပြည်နယ် မြို့တော်ဘားအံမြို့ပေါ်အထိ ပြောင်းရွှေ့မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သေးသည်။

DKBA နည်းတူ ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်အမျိုးသားတပ်မတော် (KNA) တို့၏ ကျားဖြန့် လုပ်ငန်းများမှာလည်း ယခင်နာမည်ကြီး KK Park၊ ရွှေကုက္ကိုတို့မှ စွန့်ခွာ၍ ဒေါနတောင်ခြေဘက်သို့ ပြောင်းလဲဖွင့် လှစ်ထားပြီး ဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၁ ရက်နေ့က DKBA ထိန်းချုပ်ရာ ကျောက်ခက်ဒေသ၊ Tai Chang ကျားဖြန့်ခြံဝန်းမှ တရုတ် လူမျိုး ၂,၀၀၀ ခန့်ကို ကားကြီးများဖြင့် တင်ဆောင်လာသည့် ရုပ်သံဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လာခဲ့ သည်။

ထိုင်းနယ်ခြားစောင့်တပ် ဗိုလ်မှူးကြီး ချာနာကန် ဆန်ဆွန်ကလည်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်းများ မြန်မာပိုင်နက် အတွင်းပိုင်းသို့ စတင်ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း မီဒီယာများကို ထုတ်ဖော်ပြောဆိုလာသည်။

KNU သတင်းရင်းမြစ် တစ်ဦးက “အဓိကကတော့ သူတို့ရဲ့ ပုံရိပ်ကို ပြောင်းချင်တာလည်းပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မှာဆိုရင် သူတို့ကို ထိုင်းဘက်က အလွယ်တကူ ထောက်လှမ်းနိုင်တယ်။ အခုက ထိုင်းတောင် အရင်လို ပေါ့ပေါ့လေး နေလို့မရဘူး။ အနောက်ကနေ အမေရိကန်ပါလာတယ်။ ဒါကို မြန်မာစစ်တပ်ကလည်း လန့် တယ်။ ဒီတော့ သူတို့ကြားမှာ တခုခု ချိတ်ဆက်ထားပုံရပါတယ်။ ပြီးခဲ့တဲ့ရက်က ပြောသလိုပဲ ဒီခြံဝန်းတွေ ပြောင်းကြဖို့ကို BGF နဲ့ DKBA အစည်းအဝေးထိုင်တာ လွန်ခဲ့တဲ့ ၂ လထဲက၊ စစ်တပ်ကလည်း သူတို့ကို နယ်စပ် မှာ မလုပ်စေချင်တော့ဘူး။ ဒီအတွက်လည်း တောထဲ တောင်ထဲမှာ အဆောက်အအုံတွေ ကြိုဆောက်ထား ပြီးသား” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် အမေရိကန် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ကြားရေးမှူးတို့ တွေ့ဆုံခဲ့စဉ်က ကျားဖြန့်လုပ်ငန်းများကို အမြစ်ပြတ်သည်အထိ တိုက်ဖျက်မည်ဟု ပြောဆိုခဲ့ကြသည်။

မကြာမီကလည်း ထိုင်းနိုင်ငံက BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ် စောမုတ်သုန်ကို ဖမ်းဝရမ်း ထုတ် ခဲ့ပြီး ဥရောပသမဂ္ဂ (EU) ကလည်း DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ ဗဟိုစီးပွားရေးကော် မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုင်းကျော်လှ၊ စစ်ရေးချုပ် စောစိန်ဝင်း၊ ဦးဆောင်နာယက ဗိုလ်ချုပ်ကြီး စောစတီးနှင့် စောအိလိထူးတို့အား ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

သို့သော်လည်း အဆိုပါအရေးယူမှုများကြောင့် ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖြန့်လုပ်ငန်းများ လုံးဝမပပျောက် သွားဘဲ ငွေလိမ်လုပ်ငန်းများမှာ ဒေသခံပြည်သူများကြားတွင် ရောနှောကာ မြို့ပြများဆီသို့ပါ အခြေစိုက်လာကြ ပြီး ရန်ကုန်မြို့တွင်ပင် ကျားဖြန့်လုပ်ငန်းများ ဖမ်းဆီးရမိလာသည့် အခြေအနေများ ရှိလာနေသည်။

ဓါတ်ပုံ - Tak PRD

August 6, 2026
မွန်ပြည်၊ ဘီးလင်းမြို့မရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး၏ ညီဖြစ်သူအပါအဝင် လူငယ် ၇ ဦးကို စစ်တပ်၊...
August 6, 2026
တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ လမိုင်းကော့ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့်...
Dawei SEZ Watch (ဇူလိုင်လ ၂၉ နှင့် ၃၀ ရက်အတွင်း တောင်မင်းပြောင်ရွာ နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရပုံ)
August 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာ၌ ဇူလိုင်လ...
August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...