ရေဖြူ - ကလိန်အောင် လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲ

ရေဖြူ - ကလိန်အောင် လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်း ဝင်ရောက်တပ်စွဲ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ ရေဖြူ–ကလိန်အောင် လမ်းပိုင်းတွင် အင်အား ၂၀၀ ခန့်ရှိသည့် စစ်တပ် စစ်ကြောင်းများ ဝင်ရောက်တပ်စွဲထားကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဇူလိုင်လကုန်ပိုင်းမှ စတင်ကာ ရေဖြူနယ်အခြေစိုက် ခြေမြန်တပ်ရင်းများ၊ မြိတ်မြို့နှင့် သရက်ချောင်းမြို့နယ် အခြေစိုက်တပ်ရင်းများအပြင် မောရဝတီရေတပ်မှ တပ်သားများဖြင့် စုစုပေါင်း အင်အား ၂၀၀ ကျော် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်း ဖြစ်သည်။

ယနေ့အထိ အဆိုပါစစ်ကြောင်းများက ရာဖူး၊ ကျွဲတလင်း၊ ကျောက်ကဒင်နှင့် အလယ်စခန်း

ကျေးရွာ အနီး တစ်ဝိုက် နေရာများတွင် ဆက်လက်တပ်စွဲထားဆဲဖြစ်ကြောင်း PDF အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ ၃၃ မှ တာဝန်ရှိသူ စောဒါးကိုက IMNA သို့ ပြောသည်။

“လကုန်ပိုင်းကစပြီး အများကြီး စစ်ကြောင်းထိုးလာတယ်။ ဒါပေမဲ့ အခုက နည်းနည်းပြန်ဆုတ်သွားတာ ရှိတယ်။ အားလုံးတော့ ပြန်ဆုတ်သွားတာ မဟုတ်ဘူး။ နေရာတော်တော်များများမှာ ကာကင်းတွေ ထား ထား တယ်။ အင်အားကတော့ ၂၀၀ လောက် ရှိဦးမယ်” ဟု စောဒါးကိုက ပြောသည်။

အဆိုပါ စစ်ကြောင်းများက ကာကင်းစခန်းများချကာ ကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲနေထိုင်နေဆဲဖြစ်သဖြင့် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများ ယာယီတိမ်းရှောင်နေကြရသည်။

ပြည်သူများ နေထိုင်ရာ ကျေးရွာအနီး ဝင်ရောက်တပ်စွဲထားခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က တိုက်ပွဲ ဖော်ဆောင်ရန် အခက်အခဲရှိနေပြီး ဒေသခံပြည်သူများအနေဖြင့် သတိပြုသွားလာသင့်ကြောင်း ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လောလောဆယ် ထိတွေ့မှုတော့ ကြီးကြီးမားမား မဖြစ်သေးဘူး။ သူတို့ဘက်က အင်အားအများကြီးနဲ့ ထိုးနေ တယ်၊ ရွာအနီးအနားမှာ ဆိုတော့ ဒီဘက်ခြမ်းကလူတွေလည်း ရင်ဆိုင်ဖို့တော့ နည်းနည်းအခက်အခဲ ရှိနေတာ ပေါ့။ အဓိကကတော့ ပြည်သူတွေ၊ ရွာတွေအနီးမှာ နေနေကြတယ်ဆိုတော့လေ။”

ရေဖြူ - ကလိန်အောင် လမ်းပိုင်းသည် ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်ကို ဆက်သွယ်ထားသည့် အရေးပါသော လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ရေးအရလည်း နှစ်ဖက်တပ်များ အလှည့်ကျ လှုပ်ရှားလေ့ရှိသည့် ဒေသတစ်ခု ဖြစ်သည်။

ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု တပ်ဖွဲ့များဘက်မှ တပ်သားထွက်ပြေးမှုများ မကြာခဏ ဖြစ်ပေါ်နေပြီး လွတ်မြောက် ထွက်ပြေးသွားသည့် တပ်သားများကို အနီးဝန်းကျင်ရှိ ကျေးရွာများတွင် လိုက်လံရှာ ဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Most read this week

August 4, 2026
မွန်ပြည်၊ မုဒုံမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့သော်လည်း...
August 3, 2026
မွန်ပြည်၊ ဘီးလင်းမြို့နယ်၊ တက်တူကုန်းကျေးရွာဘက်သို့ စစ်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာချိန်...
July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...