စစ်တွေမြို့နယ်မှ အများပြည်သူအသုံးပြုနေသည့် လမ်းကို တပ်ထိန်းတပ်ရင်းမှ သံတံခါးလုပ်ပြီး ပိတ်ဆို့မှုအပေါ် တပ်မတော်လူကြီးများ ဖြေရှင်းပေးစေလို

စစ်တွေမြို့နယ်မှ အများပြည်သူအသုံးပြုနေသည့် လမ်းကို တပ်ထိန်းတပ်ရင်းမှ သံတံခါးလုပ်ပြီး ပိတ်ဆို့မှုအပေါ် တပ်မတော်လူကြီးများ ဖြေရှင်းပေးစေလို
by -
နိရဥ္စရာ
စစ်တွေမြို့နယ် ကန်တော်ကြီးအနီးရှိ သင်္ဂနက်ကျေးရွာသားများ စစ်တွေမြို့နှင့် အသွားအလာပြုနေသည့်လမ်းကို အမှတ် (၈၆၈) တပ်ထိန်းတပ်ရင်းမှ တံခါးလုပ်ပြီး ပိတ်ထားသဖြင့် ကျေးရွာသူ ကျေးရွာသားများအနေဖြင့် သွားရေးလာရေး အထူးအခက်အခဲ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီလမ်းကို ခေတ်အဆက်ဆက်အသုံးပြုလာတာပါ။ ပုံမှာမြင်တဲ့ အတိုင်းဘဲ လမ်းကို သံတံခါးလုပ်ပြီး သွားလာလို့ မရအောင်ပိတ်ဆို့ထားတယ်။ လွန်ခဲ့တဲ့လ ဇွန် ၂၄ ရက်နေ့ကတည်းက စပိတ်ထားလိုက်တာပါ။ အမှတ် (၈၆၈) တပ်ထိန်းတပ်ရင်းမှူး ဟိန်းဇံမြင့် ဆိုသူရဲ့ အမိန့်နဲ့ ပိတ်တာလို့ သိရပါတယ်”ဟု ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့လမ်းကို သံတံခါးဖြင့် ပိတ်ဆို့ထားသဖြင့် ကျောင်းသူကျောင်းသားများ အနေဖြင့် ကျောင်းတက်ရာတွင် အခက်အခဲများကျရောက်နေသလို နေ့တဓူဝ စစ်တွေမြို့သို့ သွားလာနေကြရသည့် ကျေးရွာသားများ အနေဖြင့်လည်း သွားလာရာတွင် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။

“ အဓိကတော့ သူတို့တပ်ရင်းက သိမ်းထားတဲ့ လယ်တွေကို ကျွန်တော်တို့ ရွာသားတွေကို ပြန်ပေးလိုက်ရတဲ့အပေါ် မကျေနပ်လို့ လုပ်တာပါ။ အဲဒီလမ်းဟာ တပ်ထိန်းတပ်ရင်းနဲ့ လည်း မဆိုင်ပါဘူး။ လမ်းဘေးမှာတော့ တပ်ထိန်းတပ်ရင်းက အိမ်တစ်ချို့ ရှိတာပေါ့။ ဒါပေမယ့် ဒီလမ်းနဲ့တော့ အလွတ်ကြီးပါ” ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်တွေအခြေစိုက် ဒကစမှူးရုံးသို့လည်း တိုင်ကြားထားပြီး ဖြေရှင်းပေးမည်ဟု ဆိုသော်လည်း ယနေ့ထိ ဖြေရှင်းပေးခြင်းမရှိသဖြင့် မီဒီယာသို့အကြောင်းကြားရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ ကျွန်တော်တို့ တောင်းဆိုလိုပါတယ်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု အပါအဝင် တပ်မတော်က လူကြီးတွေ ဒီလို ဖြစ်နေတာကို မြေပြင်ကို လာရောက်စစ်ဆေးကြစေလိုပါတယ်။ အများပြည်သူ လမ်းပေါ်မှာ သံတံခါးလုပ်ပြီး ပိတ်ဆို့ထားတာဟာ လုပ်သင့် မလုပ်သင့်ဆိုတာကို လာရောက်ကြည့်ကြပါ” ဟု ရပ်ရွာလူကြီး တစ်ဦးကလည်း ပြောဆိုသည်။

သင်္ဂနက်ကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော် ၄၀၀ ပါးခန့်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ယခုကဲ့သို့ တပ်ထိန်းတပ်ရင်းမှ လမ်းကိုပိတ်ဆို့ထားသဖြင့် ဂေါက်ကွင်းကိုပတ်ပြီး စစ်တွေမြို့သို့ သွားလာနေကြရသည်ဟု သိရသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး စစ်တွေမြို့ ဒကစရုံးသို့ ယနေ့ မွန်းလွဲ ၂ နာရီခန့်က ဖုန်းဆက်သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပါ။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...