Published
Tuesday, July 25, 2017
ဒေါက်တာအောင်နိုင်ဦးအား AMDP ပါတီနုတ်ထွက်ခွင့်ပြု
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၏ ဇူလိုင်လ(၁၅) ရက်နေ့က ကျင်းပခဲ့သည့် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ ဒေါက်တာအောင်နိုင်ဦးအား ပါတီမှနုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး၏ မိခင်ပါတီမှနုတ်ထွက်စာကို ဇွန်လ (၃၀) ရက်နေ့က ပါတီဗဟိုသို့ပေးပို့ခဲ့ရာတွင် မိိမိသဘောဆန္ဒအရ ပါတီ၏လုပ်ငန်းဆောင်တာများမှ အနားယူချင်လိုခြင်းဖြစ်ကြောင်း ပါတီတွဲဘက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။ “သူနှုတ်ထွက်စာတင်ထားတာ မြို့နယ်က တဆင့်တင်တော့ ဗဟိုကနေအတည်ပြုပေးလိုက်တာပါပဲ။ နှုတ်ထွက်စာမှာတော့ ပါတီရဲ့လုပ်ငန်းဆောင်တာများကို အနားယူမှာပေါ့။ သူ့ဆန္ဒအလျောက်အနားယူတာဖြစ်လို့ ကျွန်တော်တို့ ဘာမှပြောစရာမလိုပါဘူး”ဟု ၄င်းက ပြောကြားသည်။ မည်သည့်အကြောင်းကြောင့် နှုတ်ထွက်သည်ကို ယခုအချိန်တွင် မပြောလိုဘဲမွန်ပြည်သူလူထုလိုလားသည့် မွန်တစ်ပါတီတည်းပေါင်းစည်းရေးအတွက် ပါတီအသစ်ဖွဲ့စည်းသင့်မသင့် ပြည်သူလူထု၏ သဘောဆန္ဒကို ကောက်ယူသွားမှာဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ဒေါက်တာအောင်နိုင်ဦးက “မွန်တစ်ပါတီတည်းဖြစ်ဖို့ ပါတီပေါင်းစည်းရေးတွေ လုပ်နေတာတော့ဟုတ်ပါတယ်။ ပါတီကနေ နှုတ်ထွက်တာနဲ့ ပတ်သက်ပြီး လတ်တလောဘာမှ မပြောချင်သေးလို့ နားလည်ပေးပါ။” ဟု ပြောသည်။ ၄င်းသည် ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၀ နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှစ်ကြိမ်စလုံး ပါဝင်ယှဉ်ပြိုင်အောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပြီး NLD မဟုတ်သည့်ပါတီမှ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခံရသူ ဖြစ်သည်။ ဒေါက်တာအောင်နိုင်ဦးသည် ချောင်းဆုံမြို့နယ် မုဒွန်းရွာဇာတိဖြစ်ပြီး B.V.Sc တိရစ္ဆာန်ဆေးပညာဘွဲ့(ရေဆင်းတက္ကသိုလ်)ရရှိထားသည်။







