ဖခင်ဖြစ်သူကို မမိသဖြင့် ၁၀ လသမီးအပါအဝင် မိသားစုဝင်များကို ဖမ်းဆီး

ဖခင်ဖြစ်သူကို မမိသဖြင့် ၁၀ လသမီးအပါအဝင် မိသားစုဝင်များကို ဖမ်းဆီး
ဦးသက်ပိုင်စိုး၏ ဇနီး၊ ၁၀လအရွယ် သမီး နှင့် ဦးလေး
ဦးသက်ပိုင်စိုး၏ ဇနီး၊ ၁၀လအရွယ် သမီး နှင့် ဦးလေး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ တိုင်းအဆင့် ခေါင်းဆောင်တစ်ဦးကို ဖမ်း၍ မမိသဖြင့် ၁၀ လ အရွယ်သမီးငယ် အပါအဝင် မိသားစုဝင် ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် ကညင်ချောင်းကျေးရွာတွင် နေထိုင်သည့် NLD ပါတီက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင်စိုးကို မမိ သဖြင့် ၎င်း၏ မိသားစုဝင်များကို ဧပြီလ ၂၃ ရက်နေ့က ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“မိသားစု အားလုံးကို စစ်သား၊ ရဲ အလုံးအရင်းနဲ့ ရွာက အိမ်မှာလာ ဖမ်းကြတာ။ ဦးလေး ဖြစ်တဲ့သူက သူ့သားရဲ့ မင်္ဂလာဆောင် ဖိတ်စာ သွားကမ်းပြီး ပြန်အရောက် ဘုမသိ ဘမသိ အဖမ်းခံရတာ” ဟု ဒေသခံ ရွာသားတစ်ဦး က ပြောသည်။

ဇနီး ဒေါ်နန်းယုသိန်း၊ အသက် ၁၀ လ အရွယ် သမီးငယ် မဆုမြတ်ပိုင်၊ ဦးလေးတော်စပ်သည့် ဦးတင်ဦး နှင့် ၎င်း၏ သမီးအသက် ၁၃ နှစ် အရွယ်ရှိ မလုံးချစ်၊ အိမ်နီးချင်း ဦးကျော်စွာဝင်းနှင့် ဒေါ်အငယ်မ တို့ကို ဧပြီ ၂၃ ရက်နေ့ နေ့လယ်ပိုင်း က  ဖမ်းဆီးသွားခြင်း ဖြစ်သည်။

တစ်ရွာတည်းနေ စစ်တပ်နှင့် ရဲ သတင်းပေး ဇော်ဇော် ဆိုသူက ဦးသက်ပိုင်စိုး၏ ဦးလေး ဦးတင်ဦး နှင့် အိမ်သား များကို PDF ဟု ဆိုကာ သတင်းအမှားပေး ချောက်ချမှုကြောင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူ အချို့က ပြောသည်။

၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက ငပုတောမြို့နယ်၏ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးသက်ပိုင် စိုးကို စစ်ကောင်စီက ပုဒ်မ-၅၀၅ ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည်မှာ ၁ နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း ဖမ်း၍ မမိသေးဘူး ဟု ဆက်သိရသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် တရားလွှတ်တော် ရှေ့နေတစ်ဦး က “အလိုရှိတဲ့ သူကို ဖမ်းမမိလို့ ဒါမှ မဟုတ် မတွေ့လို့ မိသားစုကို ဖမ်းတယ်ဆိုတာ ဥပဒေ အရ အကျုံးမဝင်ဘူး” ဟု ပြောသည်။

အလိုရှိသူကို မမိ၍ ၎င်းနှင့် နီးစပ်သူများ၊ မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်ခြင်းက အကြမ်းဖက် ဓားပြများ ၏ ဓားစာခံ လုပ်နည်းလုပ်ဟန်များသာ ဖြစ်သည်ဟု ၎င်းက ဆက် ပြောသည်။

ဧရာဝတီတိုင်း အတွင်း စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူများကို ဝရမ်းထုတ် ဖမ်းမမိပါက နေအိမ်၊ အဆောက် အဦ၊ ခြံနှင့် မြေများကို ချိပ်ပိတ်သိမ်းယူနေရာမှ မိသားစုဝင်များ ကိုပါ ကျယ်ကျယ် ပြန့်ပြန့် ဖမ်းဆီးမှုများ ပြုလုပ် လာနေသည်ဟု ဒေသအတွင်းရှိ နိုင်ငံရေး လေ့လာ သုံးသပ်သူ အချို့က ဆိုသည်။

May 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေ၊ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာသတ္တုခဲမိုင်း...
May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...