ဝါးခယ်မမှ အုပ်ကြီး ၄ ဦး တပြိုင်တည် နှုတ်ထွက်

ဝါးခယ်မမှ အုပ်ကြီး ၄ ဦး တပြိုင်တည် နှုတ်ထွက်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် အတွင်းက စစ်ကောင်စီခန့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေးမှုး ၄ ဦး ဧပြီလ ၂၂ ရက်နေ့က တပြိုင်တည်း နှုတ်ထွက်သွားသည်ဟု သိရသည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ဖြစ်ကြသည့် အနောက်ဒရင်း ကျေးရွာအုပ်စု မှ ဦးသန်းထွန်း၊ ပိတ္တာလေး ကျေးရွာအုပ်စု မှ ဦးသိန်းထွန်း၊ စပ်ထုံးကျေးရွာ အုပ်စုမှ ဦးသန်းဇော် နှင့် နန်းအဲလောင်း ကျေးရွာအုပ်စု မှ ဦးမြင့် ဌေးတို့ နုတ်ထွက်သွားခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူများထံမှ သိရသည်။

ဝါးခယ်မမြို့နယ် ထွေ/အုပ် ရုံးဝန်ထမ်းတစ်ဦး က “ကျန်းမာရေးမကောင်းလို့ ဆိုပြီး နုတ်ထွက်စာကို တစ်နေ့ထဲ မှာ လာတင်ကြတာ။ ညှိပြီး နုတ်ထွက်ကြတာလား မှတ်ရတယ်” ဟု ပြောသည်။

ဝါးခယ်မ မြို့နယ်တွင် စစ်ကောင်စီက ထုတ်ပယ်သော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ ရှိသကဲ့သို့ CDM လုပ်ကာ နုတ်ထွက်သောသူများ ရှိနေပြီး အချို့မှာ အကြောင်းမျိုးမျိုးပြ နုတ်ထွက်နေကြသည်ဟု အဆိုပါ ထွေ/အုပ် ရုံးဝန် ထမ်းက ဆက်ပြောသည်။

ငပုတောမြို့နယ် ငါးပြေမကျေးရွာက အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် ဦးဇော်ထွန်း ပစ်သတ်ခံလိုက် ရသည့် ဗွီဒီယိုဖိုင် အွန်လိုင်းတွင် ထွက်ပေါ်လာပြီးနောက် ဝါးခယ်မမြို့နယ် အတွင်းရှိ ပျူစောထီး အချို့လည်း နုတ်ထွက် ရန်ရှိနေသည်ဟု ယင်းမြို့နယ် အုပ်ချုပ်ရေး အဖွဲ့ဝင်အချို့ ထံမှ သိရသည်။

ပစ်သတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူး၏ မိသားစု နှင့် နီးစပ်သူတစ်ဦး က “စစ်တပ်က ဘာလုံခြုံရေး မှ မလုပ် ပေးနိုင်ဘူး။ သူတို့ အလိုကျခိုင်းတာ လုပ်ပေးရတယ်။ အုပ်ကြီး တစ်ယောက် သေလို့ ၅ သိန်းပေးမယ် ဆိုပေမယ့် တကယ် မပေးပါဘူး။ ဂုဏ်ပြုလွှာပဲ ရတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း အတွင်းရှိ တော်လှန်ရေး အင်အားစုများက ဒေသခံပြည်သူ လူထုအပေါ် အနိုင်ကျင့်နှိပ်စက် အုပ် ချုပ်နေသည့် စစ်ကောင်စီ၏ ထောက်တိုင် အုပ်ချုပ်ရေးမှူးများ၊ ဒလန်များနှင့် ပျူစောထီးများ ကို သုတ်သင် ရှင်း လင်းသွားမည် ဟု ထုတ်ပြန်ထားသည်။

ဝါးခယ်မမြို့နယ်တွင် ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၂၆ စု ရှိရာ မြို့နယ် စီမံရေးရာ အုပ်ချုပ်ရေး အဖွဲ့ မှ နုတ်ထွက်သွားသူများ၊ ကင်းကွာနေသူများ ၏ လစ်လပ်နေရာများတွင် စစ်မှုထမ်းဟောင်းများ၊ ရဲဝန်ထမ်းဟောင်း များကို အစားထိုး ဦးစားပေးခန့်ရန် စစ်ကောင်စီက စီစဥ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြ ချက်အရ သိရသည်။

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...