စစ်ကောင်စီ၊ RCSS တပ်များနှင့် SSPP/SSA တို့ ရှမ်းပြည်တောင်ပိုင်း ပင်လုံအနီး စစ်ရေး တင်းမာနေ

စစ်ကောင်စီ၊ RCSS တပ်များနှင့် SSPP/SSA တို့ ရှမ်းပြည်တောင်ပိုင်း ပင်လုံအနီး စစ်ရေး တင်းမာနေ

စစ်ကောင်စီတပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တပ်တို့  ရှမ်းပြည်တိုးတက်ရေး ပါတီ SSPP/SSA တပ်စခန်းအနီးသို့ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်လာသော်လည်း SSPP အနေဖြင့် တပ်ဆုတ်သွား မည် မဟုတ်ပဲ ရင်ဆိုင်တိုက်ခိုက်သွားမည် ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် RCSS တပ် တို့က ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင် ခရိုင်ပင်လုံမြို့အနီး စနင်းတောင်ဘက်ခြမ်းတွင်ရှိသည့် SSPP/SSA တပ် စခန်း အနီးသို့ စစ်ရေး လှုပ်ရှားလာသည့် အခြေအနေနှင့် ပတ်သက်၍ SSPP/SSA Info ဖေ့ဘွတ်စာမျက်နှာ က စစ်မြေပြင်သို့ ရောက်ရှိနေ သည့် SSPP/SSA အရာရှိ တစ်ယောက်၏ ပြောဆိုမှုကို ကိုးကား၍  ဧပြီလ ၂၁ ရက်နေ့ (ယနေ့) တွင် သတင်း ထုတ်ပြန်ထားသည်။

စစ်မြေပြင်ရောက်နေတဲ့ SSPP/SSA အရာရှိတစ်ဦးက  “ယခုအခြေအနေကတော့ စစ်ကောင်စီဘက်က ကျနော် တို့ရှိတဲ့ စနင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာပြီ။ ဒါပေမယ့် သူတို့စစ်ကြောင်းက ကျနော်တို့နားတော့ မရောက်သေးဘူး။ စစ်ကောင်စီစစ်ကြောင်းက ဆက်တိုက်ထိုးစစ် ဝင်နေမယ်ဆိုရင်တော့ သေနတ်သံတွေ ထပ် ကြားရတော့မှာပေါ့။ သူတို့က ကျနော်တို့ကို လာရှာတာလေ။ ကျနော်တို့ အရင်သွား ရှာတာမဟုတ်ဘူး။ ကျနော် တို့နေတဲ့ နေရာအထိကို လာရှာတာဆိုတော့ ကျနော်တို့လည်း ပစ်ရမှာပဲ။ အခုက စစ်ကောင်စီက ကျနော်တို့ဆီ ကို ဦးတည်လာနေတယ်” ဟု SSPP/SSA Info ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

ထို့အပြင် စစ်ကောင်စီတပ်နည်းတူ RCSS/SSA တပ်က ၎င်းတို့ တပ်စခန်းအနီးသို့ စစ်ရေးလှုပ်ရှားနေသည့် အခြေ အနေနှင့် ပတ်သက်၍ “အပြင်မှာက RCSS ဘက်က ခုခံစစ် ပြင်ဆင်ထားတဲ့ပုံစံပါပဲ ဘယ်လိုပဲဖြစ်နေပါစေ ယခု အခြေအနေ အရတော့ ဘယ်အဖွဲ့တက်တက် အရင်တက်လာတဲ့ အဖွဲ့ကိုပစ်မှာပဲ။ ကျနော်တို့အဖွဲ့က သူတို့အဖွဲ့ ကိုသွားရှာတာမဟုတ်ဘူး။ သူတို့ နှစ်ဖွဲ့ပဲ ကျနော်တို့ SSPP/SSA ကို အရင်လာရှာတာ။ အနား ရောက်လာရင်တော့ ပစ်ပြီပဲ။ ကျနော်တို့စစ်တပ်ကိုတော့ တပ်ပြန်ဆုတ်ဖို့ အစီအစဉ်မရှိပါဘူးဗျ” ဟု စစ်မြေပြင်ကို ရောက်နေသည့် SSPP/SSA အရာရှိတစ်ဦးက ပြောသည်။

SSPP/SSA Info သည် SSPP/SSA ၏ သတင်းနှင့် ပြန်ကြားရေး Facebook စာမျက်နှာ ဖြစ်သည်။

ဧပြီလ ၂၁ ရက်နေ့ (ယနေ့) တွင် SSPP/SSA Info သတင်း ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က စစ်ကောင်စီ တပ်မ အမှတ် ၅၁၃ လက်အောက်ခံ တပ်ရင်း ၂၇၇/၂၇၈ ဗိုလ်မှူးထွန်းဝင်းအောင် ဦးဆောင်သည့် ခန့်မှန် စစ်အင်အား ၃၀၀ ကျော်လောက်သည် ပင်လုံ ၊ လဲချား ဖက်ကနေ စစ်ကြောင်း ၃ ကြောင်းဖြင့် ခွဲတက် လာပြီး ပကုံးပုံလမ်းခွဲဘက်မှ တစ်ကြောင်း၊ မိုင်းပွန်ဖောင်းဆိုင် လမ်းခွဲ ဘက်မှ တစ်ကြောင်းနှင့် SSPP/SSA တပ်စွဲထားတဲ့ စနင်းတောင်ဘက်ကို စစ်ကြောင်း တစ်ကြောင်း ဦးတည်ပြီး တက်သွားသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း RCSS တပ်က စံခေး၊ စံဖ၊ ခိဝ်ဖ တို့ ဦးဆောင်သည့် တပ်မ အမှတ် ၆၀၆ က စနင်းတောင် အနောက်မြောက်ဘက်ခြမ်းက ဖာလိုင်း ၊ ကျိုင်းခမ်းလုံဘက်တွင် လည်းကောင်း၊ စစ်အင်အား ၉၀ လောက်ရှိ သည့် နောက်ထပ် တပ်စုတစ်ခုသည်လည်း စနင်းတောင်၏ တောင်ဘက်ခြမ်း နားလောင်း၊ ကုံးခေးရွာ ဘက်တွင် စစ်ရေး လှုပ်ရှားနေသည့်အပြင် တပ်စု အမှတ် ၇၀၇ သည်လည်း လဲချားမြို့ရဲ့အရှေ့တောင်ဘက်ခြမ်း နမ့်မိုဒေသ ဘက်က SSPP/SSA တပ်စခန်းအနီးတွင် စစ်ရေးလှုပ်ရှားနေသည်ဟု SSPP/SSA က ပြောသည်။

တစ်ဖက်တွင် RCSS/SSA က လွယ်တိုင်းလျန်း ဌာနချုပ်ကနေ ဗိုလ်မှူး စိုင်းမြ၊ ဗိုလ်မှူး စိုင်းကာလိင်၊ ဗိုလ်မှူး စိုင်း လိုင် တို့ ဦးဆောင်တဲ့ စစ်ကြောင်းသုံးကြောင်း အင်အား ၂၀၀၀ ဝန်းကျင်ခန့် သည် စစ်ရေးတင်းမာလျက်ရှိ သည့် ဒေသဘက်သို့ ဦးတည်ချီတက်နေသည့် အလားတူ စစ်ကောင်စီဖက်ကလည်း နေပြည်တော်ကနေ စစ်ရေးတင်း မာနေသည့် ဘက်သို့ စစ်သားများတင်လာသည့် ကားအစီးရေ ဆယ်နဲ့ချီပြီး တက်လာနေသည်ဟု သိရကြောင်း SSPP/SSA Info ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် RCSS/SSA တပ်တို့က SSPP/SSA တပ်စွဲထားသည့် စနင်းတောင်ဘက်သို့ ထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည်ဟု SSPP/SSA က ဆို သည်။

နှစ်ဖက်တာဝန်ရှိသူများ သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

Most read this week

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...