စစ်တွေမှ ဆီအရောင်းဆိုင်တချို့တွင် စက်သုံးဆီပြတ်လပ်မှုရှိနေ၍ အကန့်အသတ်ဖြင့်ရောင်းချနေရ

စစ်တွေမှ ဆီအရောင်းဆိုင်တချို့တွင် စက်သုံးဆီပြတ်လပ်မှုရှိနေ၍ အကန့်အသတ်ဖြင့်ရောင်းချနေရ
ဓာတ်ပုံ- ယနေ့ညနေပိုင်းကပိတ်ထားသည့် ကျော်ဇံစက်သုံးဆီဆိုင်ကို မြင်တွေ့ရစဉ်
ဓာတ်ပုံ- ယနေ့ညနေပိုင်းကပိတ်ထားသည့် ကျော်ဇံစက်သုံးဆီဆိုင်ကို မြင်တွေ့ရစဉ်

ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ စက်သုံးဆီအရောင်းဆိုင်တချို့တွင်  စက်သုံးဆီများ ပြတ်လပ်မှု ရှိနေ၍ အကန့်အသတ်ဖြင့်သာ ရောင်းချနေရကြောင်းသိရသည်။

လက်ရှိတွင် စစ်တွေမြို့မှ စက်သုံးဆီအရောင်းဆိုင်ကြီးတစ်ဆိုင်ဖြစ်သည့် ရွှေရိုးမဆီဆိုင်တွင် အောက်တိန်း ၉၅ နှင့် ၉၂ တို့ ပြတ်လပ်နေသဖြင့် အရောင်းပိတ်ထားရကြောင်း ရွှေရိုးမဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသို့ပြောသည်။

“အောက်တိန်း ၉၂ နဲ့ ၉၅ တို့က မရှိတော့ဘူး။ ဆီပြတ်နေလို့ အရောင်း တန့်ထားရတယ်။ အခြား အမျိုးအစားတွေကတော့ ရှိသေးတယ်။ ဘယ်တော့လောက်ပြန်အဆင်ပြေမလဲဆိုတာ သေချာ မသိသေးဘူး။ ဆီကားတွေက မရောက်နိုင်သေးဘူး” ဟုပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင် စက်သုံးဆီဝယ်ယူရရှိမှု အခက်အခဲ ဖြစ်ပေါ်နေကြောင့် သတင်းများ ထွက်ပေါ်နေပြီး ရခိုင်ပြည်နယ်တွင်လည်း စက်သုံးဆီဝယ်ယူရာတွင် ကန့်သတ် ပမာဏဖြင့်သာ ဝယ်ယူနေရကြောင်း  သိရသည်။

လက်ရှိ အစိုးရစျေးနှုန်းအတိုင်း စက်သုံးဆီများကို ရောင်းချပေးလေ့ရှိသည့် စစ်တွေမြို့ရှိ ကျော်ဇံ စက်သုံးဆီဆိုင်ကိုလည်း ယနေ့ညနေ ၄ နာရီကျော် ခန့်တွင် ယာယီပိတ်ထားသည်ဟု သိရသည်။

၎င်းဆီဆိုင်မှ မန်နေဂျာက “ ဒါကတော့  ဝန်ထမ်းတွေကို  အနားပေးစေချင်လို့  စောစောစီးစီး ပိတ်လိုက်တာဖြစ်ပါတယ်။ ဆီလာထည့်တဲ့ ကားတွေကများတော့ နည်းနည်း တန်းစီစောင့်နေရတယ်။ အခုလောလောဆယ် ဆီပြတ်သွားမယ့် အခြေအနေတော့မရှိပါဘူး။ ပုံမှန်အတိုင်း ရောင်းချ ပေးနေပါတယ်” ဟုပြောသည်။

၎င်းပြင် ပြင်ပတွင် တစ်ပိုင်တစ်နိုင် ရောင်းချသူများ အနေဖြင့်လည်း စက်သုံးဆီဆိုင်များမှ ဆီဝယ်ယူရာတွင် အကန့်အသတ်ဖြင့်ဝယ်ယူနေရသဖြင့်  အခက်အခဲတွေ့နေရကြောင်း စစ်တွေမြို့မှ ပြင်ပရှိ စက်သုံးဆီ အရောင်းဆိုင်ပိုင်ရှင် ဒေါ်ခင်မေသန်းက နိရဥ္စရာသို့ပြောသည်။

“ဆိုင်ကြီးတွေကနေ အခုလိုသလောက်ဝယ်လို့မရတော့ဘူး။ အယင်ကလို လီတာ ၂၀ ဘူးတွေနဲ့ ဝယ်လို့မရတော့ ဆိုင်ကယ်နဲ့ သွားဝယ်ပြီး ဆီအပြည့်ဖြည့်ပြီး အိမ်ပြန်ရောက်မှ  ဆိုင်ကယ်ကနေ ဘူးခွံတွေမှာ ပြန်ပြောင်း ထည့်ရတယ်။ အဲလိုဆိုတော့ အဆင်မပြေဘူး။ အရင်ကလိုမျိုး အဆင်မပြေတော့ဘူး ။ အမြတ်ကလည်း မဆိုသလောက် ဘဲရတယ်။ ဆီတွေကို ဆိုင်ကယ်နဲ့  မကြာမကြာသွားဖြည့်ပြီး ဒီလိုမျိုးရောင်းနေရတော့ အခက်အခဲတွေ ဖြစ်ရတယ်” ဟုပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီအခြေအနေနှင့်စပ်လျဉ်းပြီး  စစ်ကောင်စီ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက အသိပေးမှုတစ်ခုကို ယနေ့ နေ့လယ်တွင် ပြုလုပ်ခဲ့သည်။

၎င်းအသိပေးမှု အပြည့်အစုံမှာ “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်" ဆိုသည့်ကောလဟလ သတင်းအမှားများ ထွက်ပေါ် နေတာတွေ့ရှိရကြောင်း၊  ယနေ့ သီလဝါ သိုလှောင်ကန်စခန်းများ အပါအဝင် ပြည်တွင်း ဆီလက်ကျန် အခြေအနေမှာ ဓါတ်ဆီအနေဖြင့် ဂါလန်သန်းပေါင်း (၄၅)သန်းခန့်၊  ဒီဇယ်ဆီဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပါကြောင်း၊  လက်ရှိ ဆိပ်ကမ်းမှာရောက်ရှိပြီး မဟာသင်္ကြန် ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့ သင်္ဘော (၂)စီး လဲရှိပါကြောင်း၊  သို့အတွက်  ပြည်တွင်းစက်သုံးဆီပြတ်လပ်မှု လုံးဝမဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

လက်ရှိ စစ်တွေမြို့မှ ရွှေရိုးမဆီဆိုင်တွင် ပရီမီယမ်တစ်လီတာကို ၂၄၀၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၃၈၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာကို ၂၁၅၀ ကျပ်နှင့် အောက်တိန်း ၉၅ တစ်လီတာကို ၂၂၅၀ ကျပ်နှင့်ရောင်းချပြီး ပြင်ပရှိစက်သုံးဆီဆိုင်ငယ်များတွင် အောက်တိန်း ၉၂ တစ်လီတာကို ၂၄၀၀ ကျပ်အထိရောင်းချနေကြောင်း သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...