“ဇာမရီ”ပညာရေးဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်

“ဇာမရီ”ပညာရေးဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်
by -
နိရဥ္စရာ
“ဇာမရီ” ပညာရေးဖောင်ဒေးရှင်းမှ ပညာရည်ချွန်ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားတစ်ခုကို စစ်တွေမြို့ အာရီယာန်ခန်းမ၌ ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ပညာရည်ချွန်ဆုချီးမြှင့်ရာတွင် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ၆ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့် မောင်သန်းဝေ (ဘ) ဦးအောင်ချမ်းသာအား ဆုတံဆိပ်နှင့် ငွေ ၃ သိန်းကျပ်နှင့် စစ်တွေမြို့နယ် ပလ္လင်ပြင်ကျေးရွာမှ ၅ ဘာသာဂုဏ်ထူးရှင် မအေးစန္ဒာ (ဘ) ဦးမောင်သန်းဖြူအား ဆုတံဆိပ်နှင့် ငွေ ၂ သိန်းကျပ် ချီးမြှင့်ခဲ့သည်။

ပညာသင်ထောက်ပံ့ကြေးပေးရာတွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ် ၀င်တန်းတွင် မဟာပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာ သင်ယူနေသည့် မောင်အောင်မြတ်ဟိန်း(ဘ) ဦးဦးမောင်ဝင်း၊ မအိဖြိုးတွယ်တာ (ဘ) ဦးခင်မောင်အေး၊ မဝင်းလဲ့မြင့်နိုင်(ဘ) ဦးဦးမြင့်နိုင်၊ မနန်းဝေအေး (ဘ) ဦးဦးစိန်ထွန်းနှင့် မသီတာလှိုင် (ဘ) ဦးဦးသန်းနိုင်တို့ကို တစ်ဦးလျှင် တစ်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေး ကျပ်သိန်း ၂၀ စီ ထောက်ပံ့ခဲ့သည်ဟု သိရသည်။

“ကျနော်တို့အနေနဲ့ ရေကြီးလိုက် ကယ်ဆယ်ရေးပေးလိုက်၊ စစ်ဖြစ်လိုက် ကယ်ဆယ်ရေးပေးလိုက် ရေတိုပရဟိတကနေ ရေရှည်ပရဟိတလုပ်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ ဇာမရီဖောင်ဒေးရှင်းကို ထူထောင်လိုက်ပြီး နယ်က စာတော်တဲ့ကလေးတွေကို မြေတောင် မြှောက်ပေးတဲ့အနေနဲ့ ဒီပညာသင် ထောက်ပံ့ကြေးတွေကို ပေးအပ်ရခြင်းဖြစ်ပါတယ်”ဟု ကိုဝေဟင်အောင်က ပြောသည်။

“ဇာမရီ” ပညာရေး ဖောင်ဒေးရှင်းအနေဖြင့် ပညာသင်ထောက်ပံ့ကြေးများကို တစ်နှစ်လျှင် ၁၀ ဦးကျစီ ထောက်ပံ့ကူညီသွားမည်ဖြစ်ပြီး၊ ၁၀ နှစ် စီမံကိန်းဖြင့် ပြုလုပ်သွားမည်ဟု ဆိုသည်။

“ကျနော်တို့ ပညာသင်ထောက်ပံ့ကြေးပေးတဲ့နေရာမှာ ၉ တန်းနဲ့ ၁၀ တန်း နှစ်ခုလုံးအတွက် ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ ဒီနှစ်ဟာ ပထမဦးဆုံး အနေနဲ့ ထောက်ပံ့ပေးတာဖြစ်တဲ့အတွက် ၁၀ တန်းအတွက် ၅ ယောက်ကို ရွေးချယ်ပြီး ထောက်ပံ့ကြေးပေးအပ်တာဖြစ်ပါတယ်”ဟု ကိုဝေဟင်အောင်က ပြောသည်။

အဆိုပါ ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည့် အခမ်းအနားတွင် ရခိုင်ပြည်နယ် ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးစီမံ ဦးစိန်ထွန်းလှက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

“ဇာမရီ ဖောင်ဒေးရှင်းလို့ ဆိုတဲ့အတွက် ဇာမရီဆိုတဲ့ စကားလုံးကို ကျနော် အင်မတန်မှ စိတ်ဝင်စားပါတယ်။ ဇာမရီတို့မည်သည် အသက်သာ အသေခံမည်၊ မျိုးကို အထိမခံ ဆိုပြီး အဓိပ္ပာယ် ရပါတယ်။ ကျနော်တို့ ရခိုင်တွေဟာ အမျိုးသီလ နှစ်ဌာနကို ပြည့်ဝမဏ္ဍိုင် စောင့်စွမ်းနိုင်သည့် ရခိုင်နာမဘွဲ့မည်လှဖြင့် ဆိုတဲ့ စကားနဲ့အညီ အမျိုးသီလကို စောင့်ထိန်းတဲ့ လူမျိုးတစ်မျိုးဖြစ်ပါတယ်”ဟု ဦးစိန်ထွန်းလှ ပြောကြားခဲ့သည်။

ရခိုင်ပြည်ကြီးတိုးတက်ရန်အတွက် ရခိုင်သူ ရခိုင်သားလေးများ အားလုံး ပညာတတ်ဖြစ်ရန် အဓိက လိုအပ်ပြီး ပညာရေးကို အမျိုးသားရေးအမြင်ဖြင့် ကြိုးစားရန် လိုအပ်သည်ဟု ဆိုသည်။

“ရခိုင်ကျောင်းသူ ကျောင်းသားတွေအနေနဲ့ ရခိုင်ဘုရင့်နိုင်ငံတော်ခေတ်က ရခိုင့်ဘုရင်မင်းထီးလိုမျိုး တရားစီရင်ရေးအတွက် တိကျမှန်ကန်တဲ့ အကျင့်စာရိတ္တကောင်းမွန်တဲ့ စိတ်ဓါတ်မျိုး၊ ရခိုင့်ဘုရင် မင်းစောမွန်လို နိုင်ငံတော်ကို တည်ဆောက်ရာမှာ စိတ်ဓါတ်ကြံ့ခိုင်မှုမျိုးနဲ့ ရခိုင့်ဘုရင် မင်းဗာကြီးလို မြောက်ဦးမြို့ကို စောင့်ထိန်းတဲ့ နေရာမှာ စစ်ဗျူဟာ ကျွမ်းကျင်မှု စည်းကမ်း ကောင်းမွန်မှုတွေကို အားကျပြီးတော့ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ကြိုးစားကြဖို့ လိုအပ်ပါတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးဌာန ဒုတိယညွှန်ကြားရေးမှူးစီမံ ဦးစိန်ထွန်းလှက ပြောကြားခဲ့သည်။

ဇာမရီဖောင်ဒေးရှင်းမှ ထောက်ပံ့ကြေးရရှိသူများထဲတွင် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင် အထက်တန်းကျောင်းမှ နဝမတန်းတွင် ဒုတိယရရှိခဲ့သည် မောင်အောင်မြတ်ဟိန်း (ဘ) ဦးဦးမောင်ဝင်းနှင့် တတိယရရှိခဲ့သည့် မဝိုင်းလဲ့မြင့်နိုင် (ဘ) ဦးဦးမြင့်နိုင်တို့လည်း ပါ၀င်ပြီး ပညာထူးချွန်ရန် အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အခမ်းအနားဖွင့်ခြင်းနှင့်ပိတ်ခြင်းခြင်းကို အဥ္စန မင်္ဂလာစည်တော်ဝိုင်းက ရခိုင်စည်တီး၍ ဖွင့်ပိတ်ခဲ့ပြီး ရခိုင်အဆိုတော်များဖြစ်ကြသည့် အာရီယာန်၊ ပန်းအိဖြူနှင့် စစ်ငြိမ်းနိုင်တို့က ရခိုင်သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

“ဇာမရီ”ပညာရေးဖောင်ဒေးရှင်းကို ထူထောင်ခဲ့သည်မှာ တစ်နှစ်ခန့်သာရှိသေးပြီး ယခုအကြိမ် ဆုချီးမြှင့်ခြင်းနှင့် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရှိရသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...