ရွှေဖီမြေ သတင်းဌာန အမျိုးသမီးသတင်းထောက်ဟောင်းကို ထောင်ဒဏ်ချမှတ်သည့်အပေါ် MASS သဘောထားထုတ်ပြန်

ရွှေဖီမြေ သတင်းဌာန အမျိုးသမီးသတင်းထောက်ဟောင်းကို ထောင်ဒဏ်ချမှတ်သည့်အပေါ် MASS သဘောထားထုတ်ပြန်

အာဏာသိမ်း စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် ရွှေဖီမြေ သတင်းအေဂျင်စီမှ အမျိုးသမီး ရုပ်သံသတင်းထောက်ဟောင်း လွေးအမ်ဖောင်ကို ၆ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့်  ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။

လွေးအမ်ဖောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၆ ရက်၊ ညပိုင်းတွင် လားရှိုးမြို့ရှိ နေအိမ်၌ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့၏ ဝင်ရောက်ဖမ်းဆီးမှုကိုခံရပြီး လားရှိုးအကျဥ်းထောင်ရှိ ထောင်တွင်းတရားရုံး၌ ယခုကဲ့သို့ မတရား ထောင်ဒဏ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ယခုအခါ ရှမ်းပြည်နယ်တွင် ထောင်ဒဏ်ချမှတ်ခံရသည့် အမျိုးသမီး သတင်းသမား ၄ ဦးရှိပြီဖြစ်ပြီး ၎င်းတို့မှာ ကမ္ဘောဇတိုင်းသတင်းဌာနမှ နန်းနန်းတိုင်း(ခ)နန်းနွေးနွေးလှိုင်နှင့် နန်းဝင်းရီ၊ သံလွင်သွေးချင်းသတင်းဌာနမှ မြဝန်းရံ(ခ)ဒေါ်လှယဥ်ဝင်း၊ ရွှေဖီမြေ သတင်းအေဂျင်စီမှ လွေးအမ်ဖောင်တို့ဖြစ်သည်။

ထို့အတူ ရှမ်းပြည်အခြေစိုက် အလွတ်တန်းသတင်းထောက်နှင့် သတင်းထောက်ဟောင်း အနည်းဆုံး ၅ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချထားပြီး တာချီလိတ် သတင်းအေဂျင်စီကို လိုင်စင် ရုပ်သိမ်းခြင်း၊ ရှမ်းပြည်အခြေစိုက် သတင်းဌာနများ၏ တည်ထောင်သူများ၊ အယ်ဒီတာ များနှင့် သတင်းထောက်များကို ပုဒ်မမျိုးစုံတပ်ကာ တရားစွဲဆိုခြင်း၊ လိုက်လံဖမ်းဆီးခြင်းတို့ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရှမ်းပြည်နယ် သတင်းမီဒီယာများ မဟာမိတ်အဖွဲ့(MASS) အဖွဲ့ဝင် သတင်းဌာနများအနေဖြင့် စစ်ကောင်စီအလိုကျ ရေးသားခြင်းမပြုဘဲ သတင်းကျင့်ဝတ်နှင့်အညီ လွတ်လပ်သည့် သတင်းဌာနများအဖြစ် ရပ်တည်ရေးသား ဖော်ပြမှုကြောင့် စစ်ကောင်စီ၏ အငြိုးအတေးထား ဖိနှိပ်ဖမ်း ဆီးမှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေစီစနစ် အသက်သွင်းရာတွင် လွတ်လပ်သည့် သတင်းမီဒီယာများသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ပြည်သူလူထု၏ နား၊ မျက်စိလည်း ဖြစ်သည့်အတွက် ယခုကဲ့သို့ သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းသည် ပြည်သူလူထု၏ နား၊ မျက်စိကိုပိတ်ရန် ကြိုးစားသည့် အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်အဖြစ် MASS အဖွဲ့က မှတ်ယူသည်။

ရှမ်းပြည်နယ် သတင်းမီဒီယာများ မဟာမိတ်အဖွဲ့- Media Alliance of Shan State- MASS သည် ရှမ်းပြည်နယ် အခြေစိုက် သတင်းကျင့်ဝတ်နှင့်အညီရပ်တည်သည့် လွတ်လပ်သည့် သတင်းမီဒီယာ ၇ ခုဖြင့် အာဏာသိမ်းမှုကာလအတွင်း စစ်အာဏာရှင်၏ ဖိနှိပ်မှုများကို လက်တွဲရင်ဆိုင်ကြရန်နှင့် အများပြည်သူ၏ သတင်းသိပိုင်ခွင့် မြှင့်တင်ရန်၊ ပြည်သူ့အသံနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို မြှင့်တင်ပေးရန်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်ရန် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွဲ့စည်းထားသည့် သတင်းဌာနများမဟာမိတ်အဖွဲ့ဖြစ်သည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...