စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်အစိုးရက မြစ်ကြီးနားမြို့တွင် လမ်းလျှောက် သင်္ကြန်ကျင်းပရန်ဟု ဆိုကာ မဏ္ဍပ်များ ပြင်ဆင်နေသည်ဟု သိရသည်။
ဗဟိုမဏ္ဍပ်ကို အစစ်အဆေးတင်းကြပ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် မြို့တော်ခန်းမရှေ့တွင် မျက်နှာခြင်းဆိုင် မဏ္ဍပ်နှစ်ခု ဆောက်လုပ်နေသည်ဟု မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်တွင်နေ ပြည်သူတစ်ဦး က ပြောသည်။
“အခုမဏ္ဍပ်နေရာက ရဲမင်းကြီး အိမ်တွေရှိတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်။ အဲ့ဒီဘက်ရော မဏ္ဍပ်ရော စောင့် ရင်း လုံခြုံရေးပိုပြီး တင်းတင်းကြပ်ကြပ် လုပ်ချင်လို့နေမှာ။ ခါတိုင်းလုပ်တဲ့နေရာက ရပ်ကွက်တွေနဲ့ နီးတော့ သူ တို့အတွက် အန္တရာယ်ရှိနိုင်တယ်လေ” ဟု ဧရာရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောသည်။
ယခုနှစ် မဏ္ဍပ်နေရာပြောင်း ဆောက်နေသည့် နေရာသည် ဌာနဆိုင်ရာရုံးအဖွဲ့အစည်းများနှင့် နီးသည့် နေရာ ဖြစ်၍ သီးသန့်လုပ်ချင်သည့် သဘောမျိုးရှိသည်ဟု ဒေသခံများက ဆိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင်နှင့် စစ်အာဏာမသိမ်းခင်က ကချင်ပြည်နယ်အစိုးရ၏ ဗဟိုမဏ္ဍပ်ကို ဧရာရပ် ကွက်၊ ဆွပ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ဘေးတွင် နှစ်စဉ်ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
မြစ်ကြီးနားမြို့တွင် လမ်းလျှောက် သင်္ကြန်ပြုလုပ်မည့် နေရာကို ယခင်နှစ်များက ပြုလုပ်ခဲ့သည့် မင်းရပ်ရပ်ကွက်၊ ပြည်သူ့ရင်ပြင် အားကစားကွင်းတွင် ပြင်ဆင်နေသည်ကိုတွေ့ရှိခဲ့ရပြီး တေးဂီတဖြေဖျော်ပွဲများကိုလည်း ထည့် သွင်းကျင်းပသွားရန် စီစဉ်ထားသည်ဟု သိရသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်သူများက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ် တွင် စစ်ကောင်စီအစိုးရက လုပ်မည့် မြန်မာနှစ်သစ်ကူး သင်္ကြန်တွင် မပါဝင်ကြရန် တိုက်တွန်း နိုးဆော်ထားကြသည်။
ပြည်သူများအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ပြီး တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမည့်၊ သင်္ကြန်ရိုးရာဓလေ့နှင့် လိုက်ဖက်သည့် လူထုလှုပ်ရှားမှုများဖြင့်သာ ယခုနှစ်၏ နှစ်သစ်ကူးသင်္ကြန်ကို ပါဝင် ဆင်နွှဲကြရန် တိုက်တွန်းနိုးဆော်နေကြသည်။







