NNER ၏ ညီလာခံက ပညာရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသော ကျောင်းသား ကျောင်းသူများနှင့် ဝန်းရံကူညီသူများကို ချက်ချင်း လွှတ်ပေးရန်၊ လေးပွင့်ဆိုင် ဆွေးနွေးပွဲ၌ သဘောတူညီပြီး ဖြစ်သည့် ကျောင်းသားများ၏ တောင်းဆိုချက် (၁၁) ချက်ကို အမြန်ဆုံး အကောင်အထည် ဖော်ပေးရန် ညီလာခံ ပထမ ရက်ကပင် တောင်းဆိုထားသည်။
NNER ၏ ဒုတိယအကြိမ် ညီလာခံကို ဇွန်လ ၁၈ ရက်မှ ဇွန်လ ၂၀ ရက်အထိ ခဝဲခြံ မျက်မမြင်သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။
NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က “လေးပွင့်ဆိုင်မှာ သဘောတူထားတဲ့ အချက်တွေရှိတဲ့ အဲ့ဒီအချက်တွေကို ညီလာခံ ကနေ တောင်းဆိုထားတာ ရှိတယ်။ အဲ့တာတွေကို သမ္မတကို တောင်းဆိုသွားမှာပါ” ဟု ပြောသည်။
NNER နှင့် ကျောင်းသားများ လိုချင်သည့် ပညာရေးသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် ပညာရေးဖြစ်ပြီး လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် အမျိုးသားပညာရေး ဥပဒေသည် ယခင်အစိုးရက ချမှတ်ခဲ့သည့် ပညာရေးနည်းစနစ်ကို စကားလုံးအနည်းငယ် ပြင်ဆင် လိုက်ခြင်းသာ ဖြစ် သည်ဟု ဒေါက်တာ သိန်းလွင်က ဆိုသည်။
ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက “လူတိိုင်းအကြံုးဝင် ပညာရေးကို လွတ်တော်က သဘောပေါက်ထား တာနဲ့ လေးပွင့်ဆိုင် တွေ့ဆုံပွဲက ချမှတ်ထားတဲ့ လူတိုင်းအကြံုးဝင် ပညာရေးက လွဲမှားနေပါတယ်။ အဲ့ဒီအတွက် နိုင်ငံတော် သမ္မတထံ ရှင်းလင်းဖို့ လိုအပ်ပါသေးတယ်။ တစ်ခါတပ်ပြီးတော့ ဥပဒေက အခမဲ့ မူလတန်း ပညာရေးကိုတောင်မှ အာမမခံဘဲနဲ့ ဦးတည် ဆောင်ရွက်မယ်လို့သာ ပြောထားတဲ့အတွက် လေးပွင့်ဆိုင် သဘောတူညီချက် ၁၁ ချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်” ဟု ပြောသည်။
လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် တောင်းဆိုထားသည့် အချက် ၁၁ ချက်မှာ ကျောင်းသား သမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများ တည်ရှိမှုအပေါ် တရားဝင် အသိအမှတ်ပြုရန်၊ လက်ရှိပြဋ္ဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင် ပါဝင်သည့် အမျိုးသား ပညာရေးကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားရန်၊ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းရရန် စသည့်အချက်များ ပါဝင်သည်။
ယင်းအပြင် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ ပညာရေး တိုးတက်စေရန် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၊ ကျောင်းများ၊ လူပုဂ္ဂိုလ်များဖြင့် ကွန်ရက်များ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဦးဆောင်မည့် လူများကို ညီလာခံက ရွေးချယ်သွားမည် ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းများရှိ ကွန်ရက် ဦးဆောင်မည့် သူများက သက်ဆိုင်ရာဒေသများတွင် ကွန်ရက်များကို ဦးဆောင်ဖွဲ့စည်း မည်ဖြစ်ပြီး မြန်မာနိုင်ငံ ပညာရေးတိုးတက်စေရန် ကွန်ရက် အချင်းချင်း ချိတ်ဆက်၍ လုပ်ဆောင်သွားမည် ဖြစ်သည်။
တိုင်းနှင့်ပြည်နယ် အသီးသီးရှီ NNER ကွန်ရက်ကိုယ်စားလှယ်များသည် သုံးလတစ်ကြိမ်တွေ့ဆုံ၍ ပညာရေး သုတေသန လုပ်ငန်းများ၊ သတင်းဖြန့်ချိရေး၊ စောင့်ကြည့်လေ့လာရေး၊ နိုင်ငံတကာနှင့်ဆက်သွယ်ရေး၊ သင်တန်းရေးရာ၊ ဥပဒေရေး ရာများကို ကျွမ်းကျင်မှုအလိုက် လုပ်ငန်းခွဲဝေ ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း NNER အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်က ဆိုသည်။
ညီလာခံတွင် ပညာရေး၊ ငြိမ်းချမ်းရေးနှင့် တိုင်ရင်းသား ပညာရေးမူဝါဒ၊ ပညာရေးနှင့် အခွင့်အရေး၊ ပညာရေးနှင့် ငြိမ်းချမ်းရေး၊ ပညာရေးနှင့် ဒီမိုကရေစီ၊ ပညာရေးနှင့် ရေရှည်ဖွ့ံဖြိုးမှု၊ ပညာရေးနှင့် ဥပဒေ ခေါင်းစဉ်အောက်တွင် သက်ဆိုင်ရာ ပညာရှင်များက စကားဝိုင်းများ ပြုလုပ်ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် ပထမအကြိမ် ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲကို ပြီးခဲ့သော ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၆ ရက်မှ ရ ရက်ထိ ရန်ကုန်၊ အင်းစိန်မြို့နယ်ရှိ ခရစ်ယာန်ကျမ်းစာသင်ကျောင်းတွင် တစ်နိုင်ငံလုံးရှိ နိုင်ငံရေးပါတီ အသီးသီးနှင့် ပညာရေး၊ ဘာသာရေး ဘုန်းတော်ကြီး သင်ကျောင်းများ အပါအဝင် ကိုယ်ပိုင်ပုဂ္ဂလိက ကျောင်းဆရာနှင့် တက္ကသိုလ်ဆရာများ စသည့်အဖွဲ့ ၁၄ ဖွဲ့တို့ ပါဝင်ပြုလုပ်ခဲ့သည်။
ထို့နောက်တွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ Thinking Classroom Foundation, Educationalist Network၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ Generation Wave၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများ အသင်းချုပ်၊ တက္ကသိုလ်ဆရာ၊ ဆရာမများ အစည်းအရုံး၊ ကျောင်းသားသမဂ္ဂများ (ဗ.က.သ၊ တ.က.သ၊ က. သ.ဖ)၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ကျောင်းများ၊ ခရစ်ယာန်အခြေပြု ဓမ္မတက္ကသိုလ်နှင့် ကျောင်းများ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းများနှင့် ပညာရှင်များက စတင်ဖွဲ့စည်းခဲ့သည်။







