စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် စစ်ကောင်စီအဖွဲ့ဝင်များ၏ ဝါဒဖြန့်မှု မအောင်မြင်စေရန် အတွက် သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့) တပ်ရင်း-၁က ယနေ့နံနက်ပိုင်းဧပြီလ (၇) ရက်နေ့တွင် အသိပေးထုတ်ပြန်ထား ကြောင်းသိရသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် စစ်ကောင်စီအဖွဲ့ဝင်များသည် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လို၍ မကြာမီကျရောက်မည့် သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရန်ပြင်ဆင်လျက်ရှိကြောင်း၊ မိမိတို့ တမူးခရိုင်၊တမူးမြို့တွင်လည်း သင်္ကြန်မဏ္ဍပ် ကြီးနှစ်ခု ဆောက်လုပ်၍ သင်္ကြန်ပွဲတော် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ရန်စီစဉ်နေကြောင်းသိပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)တပ်ရင်း-၁ အနေဖြင့် စစ်အုပ်စုဝါဒဖြန့်မှုမအောင်မြင်စေရန် ရည်ရွယ်၍ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များသို့သွားရောက်လည်ပတ်ပျော်ပါးခြင်း၊ KTV နှင့်Private Club များတွင် စုစည်း၍ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခြင်း၊ လူစည်ကားရာနေရာများသို့ သွားရောက်ရေဆော့ကစားခြင်းများကို အထူးရှောင်ရှားကြရန် မေတ္တာရပ်ခံထားကြောင်း ပါရှိသည်။
တမူးမြို့နယ်အတွင်းရှိ တမူး-အောင်ဇေယျလမ်းအသုံးပြုခြင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)တပ်ရင်း-၁မှ မတ်လ(၃၀)ရက်နေ့က ည(၇)နာရီမှနံနက် (၆)နာရီအတွင်းအသုံးပြုခြင်းမပြုကြရန် အပါအဝင် အချက်(၅)ချက်ဖြင့် ကန့်သတ်ထားကြောင်းသိရသည်။







