ချင်းပြည်နယ် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး မြို့မစျေးအနားတွင် ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်ခဲ့ခြင်းကြောင့် သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
တီးတိန်မြို့ ဒေသခံတစ်ဦးက "မြို့မစျေးနားက လဖက်ရည်ဆိုင်မှာ ဒီနေ့ ညနေပိုင်းလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ သိရတယ်"ဟု ပြောသည်။
အပစ်ခံရသည့် အုပ်ချုပ်ရေးမှူးကို ဆေးရုံကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားပြီဟု ဒေသခံများထံက သိရသည်။
သေဆုံးသွားသည့် တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှုးဦးကြည်မင်းထွန်းသည် အသက် (၃၅ )နှစ်ဝန်းကျင်အရွယ်သာ ရှိသေးသူ တစ်ဦးဖြစ်ပြီး တီးတိန်မြို့ကို ရာထူးတိုးဖြစ် ရောက်ရှိလာသည်မှာ ၁ နှစ်ဝန်းကျင်သာ ရှိသေးကြောင်း သိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင်မပါဝင်သည့် ဝန်ထမ်းများကို စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်အောင် လုပ်ဆောင် သူများအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခံရမှုမျိုး များပြားလာခဲ့ပါသည်။







