နိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူ၍ ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများ၊ အုပ်စုဖွဲ့ဒုစရိုက်မှု များပြားလာ

နိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူ၍ ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများ၊ အုပ်စုဖွဲ့ဒုစရိုက်မှု များပြားလာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးသုံးစွဲသူများ ၊အုပ်စုဖွဲ့ဒုစရိုက်မှု ကျူးလွန်သူများ ပိုမိုများပြားလာကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။

ထိုကဲ့သို့ ဒုစရိုက်မှုကျူးလွန်သူများထဲတွင် အုပ်စုဖွဲ့ပစ္စည်းခိုးယူသည့် အမှုများမှာ တစ်ရက်ထက် တစ်ရက်ပိုမိုများပြားလာကြောင်းသိရသည်။

“ ခိုးတဲ့သူတွေက အုပ်စုဖွဲ့ခိုးတာသေချာတယ်၊ အိမ်ထဲသော့ခတ်သိမ်းထားတဲ့ဆိုင်ကယ် ဝင်ခိုးသွားပြီး ခြံစည်းရိုးအပေါ်ကနေ သယ်သွားဖို့ဆိုတာတော့ တစ်ယောက်ထဲနဲ့မဖြစ်နိုင်ဘူး”ဟု ဆိုင်ကယ်ခိုးခံရသည့်ဒေသခံပြည်သူတစ်ဦးက ယခုလို ပြောကြားခဲ့ပါသည်။

မတ်လ ၂၉ ရက်နေ့ညပိုင်းတွင် ဓားရှည်ကိုင်ဆောင်ထားသည့် လူတစ်စုက ကလေးမြိို့ တောင်ဇလပ်ရပ်ကွက်အတွင်းရှိ ချင်းလူမှုကူညီရေးအသင်း၏ ရုံးဝင်းအတွင်းရှိ ဆိုင်ကယ် ၂စီးအား ခိုးယူသွားကြကြောင်း CCTVမှတ်တမ်းများအရသိရသည်။

“ခိုးတာက ရိုးရိုးခိုးတာမဟုတ်ဘူး အုပ်စုဖွဲ့၊တုတ်၊ဓားလက်နက်တွေနဲ့ခိုးတာဆိုတော့ အိမ်ထဲမှာနေရတာတောင်မလုံခြုံတော့သလိုခံစားရတယ်”၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကလေးမြို့နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုကိုအကြောင်းပြ၍ မူးယစ်ဆေးဝါးသုံးစွဲသည့် လူငယ်များလည်းများပြားလာပြီး ခိုး၊ဆိုး၊လုယက် ဒုစရိုက်မှုကျူးလွန်သူအများစုမှာ မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်နိုင်ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်အရသိရသည်။

“မူးယစ်ဆေးဝါးတွေလည်း အလွယ်ရနေတော့ သုံးစွဲတဲ့သူတွေ တစ်ရက်ပြီးတစ်ရက်များလာတာပေါ့၊ ဆေးသုံးဖို့ ငွေလိုတဲ့အခါ တွေ့တဲ့ပစ္စည်းတွေကို အလွယ်ခိုးသွားကြတာနေမှာ”ဟု ဒေသခံတစ်ဦးက ၎င်း၏ထင်မြင်ချက်ကိုပြောကြားခဲ့သည်။

ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကလေး)အသိပေးထုတ်ပြန်ထားပြီး၊ ဖေဖော်ဝါရီလ လဆန်းပိုင်းတွင်ကလေးမြို့နယ်တောင်ပိုင်းနတ်ချောင်းကျေးရွာနှင်နတ်မြောင်းကျေးရွာတို့တွင် မူးယစ်ဆေးဝါးရောင်းချသူ(၄)ဦးအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကလေး)ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။

အလားတူပင်  ကလေးမြို့နယ် ကျီကုန်းကျေးရွာတွင် ဧပြီလ(၂)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များက ငွေကျပ် ၇၉၈၃.၉ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများကိုဖမ်းဆီးရမိကြောင်းသိရသည်။

Most read this week

August 3, 2026
စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်သည့် ကလေး - တမူး လမ်းကြောင်းပေါ်ရှိ ခမ်းပတ်မြို့အပါအဝင်...
July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...