ဇူလိုင်လ ၂၁ ရက်နေ့တွင် ဒေသခံများမှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျောက်မီးသွေးသုံးပြီး လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ Mawlamyine Cement Ltd. (MCL) ကိုကန့်ကွက် ဆန္ဒပြထုတ်ဖော်ရာတွင် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ဆန္ဒထုတ်ဖော်ရာတွင်ပါ၀င်သူ ရေးမြို့နယ် အံဒင်ကျေးရွာလူငယ် မိနီမာဦးက “ကျမတို့ဒေသမှာလည်း ကျောက်မီးသွေးစက်ရုံ ဆောက်လုပ်ဖို့ လျာထားခြင်း ခံရတယ်။ ကျမတို့ကလည်း ကန့်ကွက်နေတယ်။ အခုဒီဒေသကလူတွေလည်း ကန့်ကွက်နေတယ်။ အစိုးရဖက်ကနေ ပြီးတော့ လူထုတွေရွေးကောက်တင် မြောက်ထားတဲ့ အစိုးရဖြစ်တဲ့အတွက်ကြောင့် လူထုတွေရဲ့ အသံကိုနားထောင်ပေးပါ။ လူထုတွေရဲ့ ဆန္ဒသဘောထားတွေကိုလိုက်လျောပေးပါလို့ တောင်းဆိုချင်ပါတယ်” ဟုပြောသည်။
ကျောက်မီးသွေးစက်ရုံကြောင့် ကျန်းမာရေးထိခိုုက်မည်ကို စုုိးရိမ်ကြောင်းလည်း သူကဆက်ပြောသည်။
“ကုမ္မဏီဖက်ကိုလည်း ကျမတို့ ဘာပြောချင်လဲဆိုတော့ ကျမတို့မလိုလားတဲ့ ဒီစက်ရုံမျိုးကိုလာပြီးတော့ မဆောက်ပါနဲ့ ပေါ့နော ကျမတို့ကိုအေးအေးချမ်းချမ်းနဲ့ အသက်ရှင်နေထိုင်ခွင့်ပေးပါလို့ပဲ ကျမပြောချင်ပါတယ်။”
ကျောက်မီးသွေးအသုံးပြုမှုကို ရန်တန့်ပေးရန် MCL ကျောက်မီးသွေးသုံး စက်ရုံမလည်ပတ်စဉ်က ဒေသခံ ၃၇၀၀ ကျော်တို့က လက်မှတ်ထိုးပြီး မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်အပြင် နိုင်ငံတော် သမ္မတအထိ တင်ပြတောင်းဆိုထားသည်။
ထို့ကြောင့် ပြည်နယ် လွှတ်တော်မှ တာဝန်ရှိသူများအနေဖြင့် MCL ကျောက်မီးသွေးစက်ရုံသို့ သွားရောက်စစ်ဆေးကာ ကျောက်မီးသွေးစက်ရုံှနှင့် ပတ်သက်သည့် အကြောင်းအရာများကို နိုင်ငံတော်သမ္မတထံသို့ တင်ပြထားသော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားလာခြင်းမရှိပဲ ရှိနေသည်ဟု သိရသည်။
ဒေသခံများမှ MCL ဘိလပ်မြေစက်ရုံကို အခြားလောင်စာဖြင့်လည်ပတ်ရန် အကြိမ်ကြိမ်ဆန့်ကျင်ကန့်ကွက် တောင်းဆိုလာခဲ့သော်လည်း ကျောက်မီးသွေးသုံး လောင်စာဖြင့် စက်ရုံကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့က စီးပွားဖြစ်စတင်လည်ပတ်ခဲ့သည်။
“ဦးလေးတို့စိတ်ဆန္ဒကတော့ ကျောက်မီးသွေးမသုံးပဲနဲ့ တခြားစွမ်းအင်တစ်ခုခုကို သုံးစေချင်တယ် ဒါကြောင့် ဒီဟာ ကို ကန့်ကွက်ဆန္ဒပြတာ၊ ကျောက်မီးသွေး အသုံးပြုမှုကို အရင်ကလဲ ဦးလေးတို့ ကန့်ကွက်ခဲ့တယ် ဒါပေမယ့် အစိုးရဘက်ကရော ကုမ္ပဏီဘက်ကရော ဦးလေးတို့တောင်းဆိုမှုအပေါ် ရှင်းလင်းတာ ချပြတာမရှိခဲ့ဘူး ဒါကြောင့် အခုထပ်ပြီးတော့ဆန္ဒပြတယ်” ဟု မယ်ကရိုဒေသခံ နိုင်ထွန်းကြည် က ပြောသည်။
ယနေ့ ဆန္ဒထုတ်ဖော်ရာတွင် ဒေသခံများမှ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ အလိုမရှိ၊ သဘာဝသယံဇာတံ မပျက်စီးရေး ဒို့အရေး၊ ကျောက်မိုင်း ဖောက်ခွဲမှု လျှော့ချရေး ဒို့အရေး၊ ရှေးဟောင်းအမွေအနှစ်များ မပျက်စီးရေး ဒို့အရေး၊ မြစ်ချောင်းညစ်ညမ်း ပျက်စီးမှုကာကွယ်ရေး ဒို့အရေး၊ ကျောက်မီးသွေး ဆန့်ကျင်ရေး အောင်ရမည် အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော် ခဲ့ကြသည်။
ဒေသခံများအနေဖြင့် ရေရှည်တွင် မိမိတို့၏ကျန်းမာရေး၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် ကျောက်မီးသွေးစက်ရုံကို မလိုလားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်လည်း MCL ဘိလပ်မြေစက်ရုံတည်ရှိရာ ဒေသအနီးတဝိုက်ရှိ ကျေးရွာ ၁၀ ရွာကျော်တို့မှ ဒေသခံ ၁၀၀၀ ခန့်တို့သည် စက်ရုံအတွင်း ကျောက်မီးသွေးအသုံးပြုနေသည်ကို ရပ်တန့်ပေးရန် ဆန္ဒပြတောင်းဆိုမှု ရှိခဲ့သည်။







