အဆက်မပြတ်မိုးကြောင့် ရှမ်းအရှေ့ ရော်ဘာခြံလုပ်သားများ အခက်တွေ့

အဆက်မပြတ်မိုးကြောင့် ရှမ်းအရှေ့ ရော်ဘာခြံလုပ်သားများ အခက်တွေ့

မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု ပြောသည်။

ရှမ်းပြည် အရှေ့ပိုင်း၊ မိုင်းဆတ်နှင့် မိုင်းလားမြို့နယ်များအတွင်း မေလဒုတိယပတ်အတွင်း မိုးရက်ဆက် ရွာသွန်း မှုများကြောင့် ရော်ဘာစေးခြစ်ခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရပြီး ရွှေ့ပြောင်းလုပ်သားများမှာ စားဝတ်နေရေး ရပ်တည်ရန် အခက်အခဲကြုံနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ရော်ဘာစေးခြစ်သည့်လုပ်ငန်းမှာ မိုးရွာသွန်းပါက ရော်ဘာစေးနှင့် မိုးရေရောနှောကာ အရည်အသွေး ကျဆင်း ခြင်းနှင့် အစေးထွက်နှုန်း လျော့နည်းခြင်းတို့ကြောင့် မိုးတစ်ကြိမ်ရွာလျှင် အနည်းဆုံး (၃) ရက်ခန့် လုပ်ငန်းရပ်နား ရလေ့ရှိသည်။

လက်ရှိတွင် မိုးရက်ဆက်ရွာသွန်းနေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ရာ လုပ်သားများမှာ ဝင်ငွေ ပြတ်တောက်လာ နေခြင်း ဖြစ်သည်။

မြန်မာပြည်အလယ်ပိုင်းမှ လာရောက်လုပ်ကိုင်သည့် ရော်ဘာခြံလုပ်သားတစ်ဦးက “တရုတ်ပိုက်ဆံနဲ့ သုံးရတော့ တခေါက်တခေါက် နားရရင် မလွယ်ဘူးလေ။ အိမ်စရိတ်၊ စားစရိတ်တွေက ဗမာပြည်နဲ့ယှဉ်ရင် ၃ ဆလောက် များတယ်။ မိုးဒီတိုင်း ဆက်နေရင်တော့ တချို့က ပြန်ကြမယ် ထင်တယ်” ဟု ပြောသည်။

ရှမ်းပြည် အရှေ့ပိုင်းရှိ ရော်ဘာလုပ်ငန်းခွင်များတွင် လုပ်သားတစ်ဦးလျှင် တစ်လပျမ်းမျှ တရုတ်ယွမ်ငွေ (၆,၀၀၀) ခန့် ရရှိသော်လည်း၊ နယ်စပ်ဒေသ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် နေထိုင်စားသောက်စရိတ်များ ဖယ်ထုတ်ပါက ယွမ် (၂,၀၀၀) ဝန်းကျင် (ကျပ် ၁၂ သိန်းကျော်) သာ ကျန်ရှိသည်ဟု ဆိုသည်။

အလုပ်အကိုင်ရှားပါးမှုကြောင့် နယ်စပ်ဒေသသို့ လာရောက်လုပ်ကိုင်သူ တိုးပွားလာသည်နှင့်အမျှ လုပ်ငန်းခွင် အတွင်း အခွင့်အရေး ချိုးဖောက်ခံရမှုများလည်း ရှိနေကြောင်း လုပ်သားများက ဆိုသည်။

အခြားရော်ဘာခြံလုပ်သားတစ်ဦးကလည်း “မနက် တစ်နာရီ နှစ်နာရီလောက်ကတည်းက ထခြစ်ရတယ်။ အလုပ်များတဲ့လမှ (ယွမ်) သုံးလေးထောင်လောက် ကျန်တာ။ ပါးတဲ့လဆို အနိုင်နိုင်။ မိုးလုံးလုံးရွာတဲ့လတွေဆို အိမ်ကို တစ်ပြားမှ မပို့နိုင်ဘူး” ဟု ပြောသည်။

လက်ရှိတွင် ရော်ဘာတစ်တန်လျှင် တရုတ်ယွမ်ငွေ (၁၂,၀၀၀) ဝန်းကျင်အထိ ဈေးကွက်ပေါက်ဈေး ကောင်းမွန် နေသော်လည်း၊ မိုးဆက်လက်ရွာသွန်းနေပါက အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များကြောင့် ဈေးနှုန်း ပြန်လည်ကျဆင်းလာနိုင်ပြီး လုပ်သားများ၏ စားဝတ်နေရေးမှာလည်း ရှေ့ဆက်ရန် ပိုမိုခက်ခဲလာနိုင်ကြောင်း ဒေသတွင်း လုပ်ငန်းရှင်များနှင့် လုပ်သားများက ပြောသည်။

June 4, 2026
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ စစ်တပ်က...
June 3, 2026
မြန်မာစစ်အုပ်စု ခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယအစိုးရက...
ဓါတ်ပုံ - NMG, Clean Yangon
June 2, 2026
ကရင်နီပြည်နှင့် ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးဦးကျကာလအတွင်း...
June 1, 2026
တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နဘုလယ်ဒေသသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာ...