"ဒုတိယအသုတ်ထဲက ၅၄၆ ဦးက ဘင်္ဂလားဒေ့ရှ်က၊ ၁၈၇ဦးကတော့ မြန်မာနိုင်ငံဖက်မှာနေတဲ့ အစ္စလာမ် ဘာသာဝင်တွေ၊ သူတို့ပြောတဲ့ နယ်တွေက ထွေအုပ်တွေကို ရှိတဲ့အထောက်အထား၊ အိမ်ထောင်စုစာရင်း၊ ဆွေမျိုးမိဘ၊ ဒါတွေနဲ့ တိုက်ဆိုင်ပြီး အတည်ပြုခဲ့တာ" ဟု ၄င်းကပြောသည်။
မြန်မာနိုင်ငံဖက်မှ ပါ၀င်သူဟု စိစစ်တွေ့ရှိခဲ့သည့် ၁၈၇ ဦးတွင် မောင်တောမှ ၁၂၂ ဦး၊ ဘူးသီးတောင်မှ ၂၅ ဦး၊ စစ်တွေဒုက္ခသည် စခန်းမှ ၅ ဦးနှင့် ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ တောင်ပြို၊ လက်ဝဲ၊ မြောက်ဦး အစရှိသည့် မြို့နယ်အသီးသီးတွင် နေထိုင်သူများ ဖြစ်သည်။
မောင်တောမှ ဘင်္ဂါလီများမှလွဲ၍ ကျန်သူများကို ဇွန်လ ၂၀ ရက်တွင် ၄င်းတို့ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည် ဟု ပြည်နယ် လဝက မှသိရသည်။
ကျန်ရှိနေသည့် မောင်တောမှ ၁၂၂ ဦးကို ဇွန်လ ၂၁ ရက်တွင် ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဖက်မှ ၅၄၆ ဦးကို အမြန်ဆုံးလွှဲပြောင်းနိုင်ရေးအတွက် စစ်တွေရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ၄င်းတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အသိပေးထားပြီးဖြစ်သည်ဟု ပြည်နယ် လဝကမှူး ဦးခင်စိုးက ပြောသည်။
မေလ ၂၁ ရက် ရခိုင်ကမ်းရိုးတမ်း မြန်မာ့ပင်လယ် ရေပိုင်နက်တွင် တွေ့ရှိခဲ့သည့် ၂၀၈ဦးမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၀ဦးကို ဇွန်လ ၈ ရက်တွင် ၁၅၀ ဦးနှင့် ဇွန်လ ၁၉ ရက်တွင် ၃၇ ဦး စုစုပေါင်း ၁၈၇ ဦးကို ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး ၁၈ဦးသာ ကျန်ရှိနေသည်။
"ကျန်သူအားလုံးက ဘင်္ဂလားဒေ့ရှ်ဖက်က သူတို့တွေကို အကုန်လုံးလည်း အတည်ပြုပြီးသွားပြီး သူတို့ကို အမြန်ဆုံးပြန်ဖို့ အတွက် ပြည်ထောင်စုအဆင့်ကလည်း သံတမန်နည်းအရ လုပ်နေတယ်" ဟု ဦးခင်စိုးက ဆိုသည်။
ရခိုင်ပြည်နယ်တွင် နေထိုင်သည့် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီအရေအတွက် ၁ ဒဿမ ၀၅ သန်း ထိရှိပြီး ၄င်းတို့၏ အများစုက ယာယီနိုင်ငံသားကဒ်ပြား(၀ိှုက်ကဒ်) ကိုင်ဆောင်သူများဖြစ်ကြသည်။







