တန့်ယန်းလွယ်လွမ့် ပရဟိတကျောင်း ကလေးများ စာသင်ကြားရန် အခက်ခဲကြုံနေ

တန့်ယန်းလွယ်လွမ့် ပရဟိတကျောင်း ကလေးများ စာသင်ကြားရန် အခက်ခဲကြုံနေ

သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်ရှိ လွယ်လွမ့် ပရဟိတစာသင်ကျောင်းတွင် ကလေးများ စာပေသင်ကြားရန် အခက်ခဲ ကြုံနေကြောင်း သတင်းသိရသည်။

တန့်ယန်းမြို့နယ်အတွင်း ကိုဗစ် ကူးစက်မှု မြင့်တက်လာသည့်နောက်ပိုင်း အလှူရှင်များလည်း လျော့နည်းသွားသည့်အတွက် ကလေးများစာသင်ကြားရန်နှင့် နေထိုင်စားသောက်ရန်အတွက် ပိုမိုခက်ခဲလာတာဖြစ်ကြောင်း လွယ်လွမ့် ပရဟိတကျောင်းမှ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခက်ခဲတွေက များတယ်၊ ဆရာ/မ တွေကို လစာပေးဖို့လည်းမရှိဘူး၊ ကျနော်တို့ဆီမှာက ကလေးတွေ အားလုံး အယောက် ၉၀ ကျော်ရှိတယ်၊ သူတို့ စားသောက်ဖို့လည်း အခက်ခဲတွေ ဖြစ်နေတယ်၊ ပြီးတော့ စာသင်ခန်း၊ ရေချိုးတဲ့နေရာ၊ အိမ်သာ နဲ့ ကလေးတွေ အိပ်ဖို့နေရာတွေလည်း အခက်ခဲဖြစ်နေ” ဟု ပရဟိတကျောင်းမှ အမျိုးသားက ပြောသည်။  

အဆိုပါကျောင်းတွင် ဆရာ/မ ၇ ဦးနှင့် ကျောင်းသား/သူ ၉၀ ကျော် ရှိနေသည်။

ဒါ့အပြင် အကျယ် ၁၈ပေနှင့် အရှည် ပေ ၁ထောင်ကျော် ရှိသည့် ပရဟိတကျောင်းအဝင်လမ်းအား ကတ္တရာလမ်း ခင်းနေသည့်အတွက် ကျောက်၊ သဲများ ဝယ်ယူရန်နှင့် အလုပ်သမားစရိတ်များ ရှင်းပေးရန်လည်း အခက်ခဲဖြစ်နေကြောင်း သိရသည်။

ထို ပရဟိတကျောင်းသည် ကျောင်းတက်ရန် အခက်ခဲဖြစ်နေသည့် ကလေးများအား ကျောင်းစာပညာ သင်ကြားနိုင်ရန်အတွက် လွယ်လွမ့်ပရဟိတကျောင်းတွင် ပညာသင်ကြားပေးနေတာဖြစ်ကြောင်း သိရသည်။

“အဓိကတော့ ကျောင်းမနေရတဲ့ ကလေးတွေ ပညာသင်လို့ရအောင်ပါ၊ ကျောင်းထားဖို့ မိဘတွေ အခက်ခဲဖြစ်နေလို့ ကျောင်းမတက်ရတဲ့ ကလေးတွေရော၊ ရွာဘက်တွေမှာနေပြီး ကျောင်းမတက်ရတဲ့ ကလေးတွေအတွက် ကျနော်တို့ နိုင်သလောက် ခေါ်ပြီး စာသင်ပေးတယ်၊ ကျွေးမွေးထားတယ်၊ နေဖို့လည်း စီစဉ်ပေးထားတာပါ။ ခု အခက်ခဲတွေဖြစ်နေလို့ စေတနာရှင်တွေကို ဖိတ်ခေါ်လိုပါတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လွယ်လွမ့် ပရဟိတကျောင်း ဖွင့်လှစ်ခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ပြီး တန့်ယန်းမြို့ ၏ တောင်ဘက် ၁ မိုင်ခန့် အကွာတွင် တည်ရှိသည်။

အဆိုပါ ပရဟိတကျောင်းအား ဒေသခံများ၊ သံဃာတော်များနှင့် စေတနာရှင်တို့မှ စုပေါင်း ဖွင့်လှစ်ထားခဲ့တာဖြစ်ကြောင်း သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...